#Local_News
Published _ 27 July 2022

 

ပြည်တွင်းဒေါ်လာဈေးကွက်၌ ဒေါ်လာဈေးမြင့်တက်နေမှုကို ထိန်းညှိနိုင်ရေးအတွက် လက်ရှိကမ္ဘာ့ပေါက်ဈေးများနှင့် ချိန်ညှိကာ လုပ်ဆောင်နေကြောင်း နစက ပြောရေး ဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောခဲ့သည်။

 

ဇူလိုင်လ ၂၆ ရက်တွင် နေပြည်တော်၌ ကျင်းပသည့် ၁၈ ကြိမ်မြောက် နစက၏ သတင်းစာရှင်းလင်းပွဲတွင် ၎င်းက ယခုလို ပြောကြားခဲ့ခြင်းဖြစ်သည်။

 

"ဒေါ်လာဈေးနဲ့ ပတ်သက်ပြီးတော့ နိုင်ငံခြားငွေ သုံးစွဲရေး ကြီးကြပ်မှု ကော်မတီကနေ ဦးစီးပြီး ဆောင်ရွက်လျက်ရှိပါတယ်။ ကမ္ဘာ့ပေါက်ဈေးနဲ့ ချိန်နေတာ ရှိပါတယ်" ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

 

ဇူလိုင်လ အစောပိုင်းအတွင်းမှာ ပြည်တွင်း ရင်းနှီးမြှုပ်နှံမှုကဏ္ဍတွေ ဆောင်ရွက်နေသည့် ကုမ္ပဏီများအပေါ် နိုင်ငံခြားငွေနှင့် ပတ်သက်၍ ဗဟိုဘဏ်ကကန့်သတ်မှုများ လုပ်ဆောင်ခဲ့သည့်အတွက် ပြည်တွင်း ဒေါ် လာဈေးကွက်တွင် ဈေးနှုန်းမြင့်တက်မှုများ ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။

 

ယင်းကဲ့သို့ ဒေါ်လာဈေး မငြိမ်သက်မှုများ ဖြစ်ပေါ်မှုကြောင့် ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်များအကြား စိုးရိမ်မှုများမြင့်တက်ခဲ့သလို ရွှေ၊ ဆန်၊ ဆီနှင့် ဆေးဝါးအပါအဝင် အခြေခံစားသောက်ကုန်ဈေးနှုန်းများလည်း သိသိသာသာမြင့်တက်မှုများ ဖြစ်ပေါ်ခဲ့သည်။

 

ဇူလိုင်လ ဒုတိယပတ်အတွင်း၌ ဗဟိုဘဏ်မှ နိုင်ငံခြားငွေ ကန့်သတ်ချက်များတွင် နိုင်ငံ ခြားသား ပိုင်ဆိုင်မှု ၃၅ ရာခိုင်နှုန်း ပါဝင်သည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများနှင့် ယခင်က ကင်းလွတ်ခွင့်ပြုထားသည့် ရင်နှီးမြှုပ်နှံမှုကုမ္ပဏီများကို ၎င်းတို့ပိုင် ဒေါ်လာများအား ဗဟိုဘဏ်သတ်မှတ်ဈေးနှုန်း တစ်ဒေါ်လာလျင် ၁၈၅၀ ကျပ်ဖြင့် ကျပ်ငွေသို့ လဲလည်ရန် ညွှန်ကြားခဲ့ခြင်း ဖြစ်သည်။

 

ယင်းသို့ ညွှန်ကြားပြီးနောက်ပိုင်း ဈေးကွက်အတွင်း ဒေါ်လာဈေးနှုန်းမှာ မြင့်တက်လာခဲ့ရာ လက်ရှိတွင် ဈေးကွက်အတွင်း၌ အမေရိကန်(၁)ဒေါ်လာလျင် မြန်မာငွေ (၂၄၀၀) ဝန်းကျင် ပေါက်ဈေးရှိနေခြင်း ဖြစ်သည်။

 

ymg/NN
#Yangon_Media_Group