#Local_News
Published_ 24 July 2022

 

မြန်မာနိုင်ငံအနေဖြင့် မိမိတင်သွင်းခဲ့သည့် ကနဦးကန့်ကွက်ချက်များကို အပြည်ပြည်ဆိုင်ရာတရားရုံးက ပယ်ချခဲ့သည်ကို စိတ်ပျက်မိကြောင်း အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနရဲ့ ဇူလိုင်လ ၂၃ ရက် ထုတ်ပြန်ချက်မှာ ဖော်ပြထား ပါတယ်။

 

ထို့အတူ တရားရုံးအနေဖြင့် အဆိုပါကိစ္စရပ်အပေါ် အဆုံးအဖြတ်ပေးခဲ့ပြီး ဖြစ်သည်ကို မြန်မာနိုင်ငံအနေဖြင့် မှတ်သားထားရှိသည်။ထိုဆုံးဖြတ်ချက်သည် အပြည်ပြည်ဆိုင်ရာ ဥပဒေ၏ အရင်းအမြစ်ဖြစ်သွားမည်ဖြစ်သကဲ့သို့ နောင်လာမည့်အမှုများအတွက် သာဓကအမှု ဖြစ်သွားမည်ကိုလည်း မြန်မာနိုင်ငံအနေဖြင့် သတိပြုမိတယ်လို့ ဆိုပါတယ်။

 

အပြည်ပြည်ဆိုင်ရာတရားရုံးက မြန်မာနိုင်ငံက တင်သွင်းခဲ့တဲ့ ကနဦးကန့်ကွက်လွှာကို ပယ်ချကြောင်း ဆုံးဖြတ်ချက်ကို ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အနေဖြင့် မှတ်သားထားရှိကြောင်း ဖော်ပြပါရှိပါတယ်။

 

ဂမ်ဘီယာနိုင်ငံက အပြည်ပြည်ဆိုင်ရာတရားရုံးသို့ တင်ပြထားသည့်အမှုကိစ္စနှင့်ပတ်သက်၍ အပြည်ပြည်ဆိုင်ရာတရားရုံးက စီရင်ခွင့်မရှိကြောင်း၊ ဂမ်ဘီယာနိုင်ငံသည် တရားစွဲဆိုပိုင်ခွင့်မရှိကြောင်း ကနဦးကန့်ကွက်လွှာ (Preliminary objections) အချက် ၄ ချက်အား မြန်မာနိုင်ငံက အပြည်ပြည်ဆိုင်ရာတရားရုံးသို့ တင်သွင်းခဲ့ပါတယ်။

 

မြန်မာနိုင်ငံရဲ့ ကနဦးကန့်ကွက်လွှာနှင့် ပတ်သက်သည့် ကြားနာမှုကို နယ်သာလန် နိုင်ငံ၊ သည်ဟိဂ်မြို့ရှိ အပြည်ပြည်ဆိုင်ရာတရားရုံးတွင် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၂၁ ရက်နေ့မှ ၂၈ ရက်နေ့အထိ ပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံ၏ ကိုယ်စားလှယ် (Agent) ဖြစ်သော အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် နှင့် အလှည့်ကျ ကိုယ်စားလှယ် (Alternate Agent) ဖြစ်သော ဥပဒေရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးတို့ ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ဝင်များက နိုင်ငံတကာရှေ့နေများနှင့်အတူ တက်ရောက်ချေပ လျှောက်လဲခဲ့ကြပါတယ်။

 

မြန်မာနိုင်ငံရဲ့ ကနဦးကန့်ကွက်လွှာမှာ ဥပဒေကြောင်းအရလည်းကောင်း၊ အချက်အလက်ကြောင်းအရလည်းကောင်း ပြည်စုံခိုင်လုံမှုရှိသည်ဟု ယုံကြည်သည်။ အပြည်ပြည် ဆိုင်ရာတရားရုံး၏ တရားသူကြီးတစ်ဦးဖြစ်သူ Judge Xue Hanqin က အပြည်ပြည်ဆိုင်ရာတရားရုံးက တရားစီရင်ခွင့်ရှိကြောင်းနှင့် ဂမ်ဘီယာနိုင်ငံက တရားစွဲဆိုခွင့်ရှိကြောင်း ဆုံးဖြတ်ချက်ကို ကန့်ကွက်မဲပေးခဲ့ပြီး ကွဲလွဲသည့် သုံးသပ်ဆုံးဖြတ်ချက်ကို တင်သွင်းခဲ့သည် ကိုလည်း မြန်မာနိုင်ငံအနေဖြင့် မှတ်သားမိတယ်လို့ ဆိုပါတယ်။

 

မြန်မာနိုင်ငံအနေဖြင့်စာချုပ်ကို လက်ခံအတည်ပြုစဉ်က ကြေညာခဲ့တဲ့ ရပ်တည်ချက်ကို ထပ်လောင်းအတည်ပြုပြီး၊ စာချုပ်တွင် ပါရှိသော ကတိကဝတ်များကို မည်သည့်အခါမျှ ဖောက်ဖျက်ကျူးလွန်ခြင်းမရှိဘဲ လေးစားလိုက်နာလျက်ရှိသည်။ တစ်ချိန်တည်းတွင် မိမိနိုင်ငံ၏ အချုပ်အခြာအာဏာနှင့် အမျိုးသားအကျိုးစီးပွားကို ကာကွယ် စောင့်ရှောက်ရန် အစွမ်းကုန်ကြိုးပမ်းလျက် လုပ်ဆောင်သင့်လုပ်ဆောင်ထိုက်သည်ကို ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ကြောင်း အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာနက ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၂၃ ရက် ရက်စွဲဖြင့် ထုတ်ပြန်ထားပါတယ်။

 

ymg-mnn
#Yangon_Media_Group