Published- 2 Sept 2021
ရုရှားနိုင်ငံ ဗလက်ဒီဗိုစတော့ခ်တွင် ကျင်းပမယ့် အရှေ့ပိုင်းစီးပွားရေးဖိုရမ်ကို မြန်မာကိုယ်စားလှယ်အဖွဲ့က ကိုယ်တိုင်တက်ရောက်ကြမယ်လို့ ပွံစီစဉ်သူ ရော့စ်ကွန်ဂရက် ဖောင်ဒေးရှင်းက ပြောတဲ့အကြောင်း
စပွတ်နစ်သတင်းဌာနက သတင်းရေးသားပါတယ်။
 
“ ပြည်ထောင်စုမြန်မာနိုင်ငံရဲ့ ကိုယ်စားလှယ်အဖွဲ့က ဗလက်ဒီဗိုစတော့ခ်မှာ စက်တင်ဘာ ၂ရက်မှ ၄ ရက်အထိ ကျင်းပမယ့် ခြောက်ကြိမ်မြောက် အရှေ့ပိုင်းစီးပွားရေးဖိုရမ်ကို ကိုယ်တိုင်လာရောက် တက်ရောက်ကြမယ်လို့ အတည်ပြုပါတယ်။ကိုယ်စားလှယ်အဖွဲ့ကို စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးဝင်းရှိန် ခေါင်းဆောင်တက်ရောက်မှာဖြစ်ပြီး သံတမန်တွေလည်း ပါဝင်တက်ရောက်မှာဖြစ်ပါတယ်” လို့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
 
မြန်မာဟာ ရုရှားနိုင်ငံနှင့် စီးပွားဆက်ဆံမှု တိုးချဲ့တာအပါအဝင် စီးပွားရေးပူးပေါင်းဆောင်ရွက်ဖို့ အခွင့်အလမ်းသစ်တွေ မျှော်လင့်ထားပါတယ်။ မြန်မာနိုင်ငံက ရုရှားကို စိုက်ပျိုးရေးနှင့်သားငါးထုတ်ကုန်တွေ ပို့ပေးနေပါတယ်။ ရုရှားဆီက ဓာတ်မြေဩဇာ၊ဒီဇယ်၊ဓာတ်ဆီတွေကို တင်သွင်းနေပါတယ် လို့ ဝန်ကြီးကပြောပါတယ်လို့ သတင်းက ဆိုပါတယ်။
 
အရှေ့တောင်အာရှနိုင်ငံဖြစ်တဲ့ မြန်မာနိုင်ငံဟာ ရုရှားလုပ်ငန်းရှင်တွေ ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း ကဏ္ဍ၊ အထူးသဖြင့် ရေနံတူးဖော်ရေး၊ လယ်ယာထုတ်ကုန်၊အခြေခံအဆောက်အအုံဖွံ့ဖြိုးရေး အထူးသဖြင့် ရထားလမ်းနှင့် ဆိပ်ကမ်း၊ပြန်လည် ပြည့်ဖြိုးမြဲစွမ်းအင်၊ သတင်းနှင့်ဆက်သွယ်ရေးနည်းပညာ၊ကျန်းမာရေးဝန်ဆောင်မှုနှင့် ဘဏ္ဍာရေးလုပ်ငန်းတွေမှာ ရင်းနှီးမြှပ်နှံ တဲ့အခွင့်အလမ်းတွေကို ကမ်းလှမ်းနိုင်ပါတယ်လို့ သတင်းက ရေးသားပါတယ်။
 
မြန်မာဟာ အရှေ့ပိုင်းစီးပွားရေး ဖိုရမ်ကို ၂၀၁၉ မှာ တက်ရောက်ခဲ့ပါတယ်။ ၂၀၂၀ဖိုရမ်ကိုတော့ ကပ်ဘေးကြောင့် ဖျက်သိမ်းခဲ့ ပါတယ်။
စက်တင်ဘာ ၂ရက်ကနေ ၄ရက်အထိ ခြောက်ကြိမ်မြောက် အရှေ့ပိုင်းစီးပွားရေးဖိုရမ်ကို ဗလက်ဒီဗိုစတော့ခ်မြို့ရဲ့ အရှေ့ဖျား ဖက်ဒရယ်တက္ကသိုလ်ဝင်းထဲမှာ ကျင်းပမှာဖြစ်ပါတယ်။ ရုရှားရဲ့ အရှေ့ဖျားဒေသကို ပြည်တွင်းနှင့် နိုင်ငံတကာ ရင်းနှီးမြှပ်နှံသူတွေကိုဆွဲဆောင်ဖို့နှင့် စီးပွားရေးဆက်ဆံမှုတွေတိုးတက်ဆောင်ရွက်ဖို့ ရည်ရွယ်ကျင်းပတာဖြစ်တယ်လို့ သိရပါတယ်လို့ စပွတ်နစ်က ရေးသားပါတယ်။
 
Source:Sputnik