Published 17 July 2022

မြန်မာနိုင်ငံမှ ကျောင်းသားကျောင်းသူများ တက်ရောက်မည်ဆိုပါက ကြိုဆိုမှာဖြစ်တယ်လို့ ရုရှားဖက်ဒရေးးနိုင်ငံ Novosibirsk State University ပါမောက္ခချုပ် Dr. Mikhail Petrovich Fedoruk ကပြောကြားခဲ့တယ်လို့သိရပါတယ်။

ရုရှားဖက်ဒရေးရှင်းကို ရောက်ရှိခဲ့တဲ့ နစက ဥက္ကဋ္ဌ ဗိုလ်ချူပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇူလိုင်(၁၆)ရက်က အဆိုပါတက္ကသိုလ်တွင် တွေ့ဆုံစဉ် ပါမောက္ခချုပ်က ပြောကြားခဲ့တာဖြစ်တယ်လို့ နစကရဲ့ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားပါတယ်။

တက္ကသိုလ် အစည်းအဝေးခန်းမတွင် Novosibirsk State University ၏ စာပေသင်ကြား ပို့ချပေးနေမှုဆိုင်ရာ Video File ကို ဖွင့်လှစ်ပြသခဲ့ပြီး ပါမောက္ခချုပ်က  တက္ကသိုလ်ဆိုင်ရာ အချက်အလက်များ၊ နိုင်ငံခြားသင်တန်းသားများကို လက်ခံသင်ကြားပေးနေမှုများ၊ အဆင့်မြင့်ဘွဲ့လွန်ပညာသင်တန်းများ၏ သင်ရိုး ညွှန်းတမ်းအလိုက် သင်ကြားဆောင်ရွက်မှု အစီအစဉ်များ၊ ကျောင်းသား၊ ကျောင်းသူများ နေထိုင်ရေးအတွက် အဆောင်နှင့်အားကစားရုံများ ထည့်သွင်း တည်ဆောက်ထားရှိမှုများ၊ မြန်မာနိုင်ငံမှ ကျောင်းသူ၊ ကျောင်းသားများ လာရောက်တက်ရောက်မည်ဆိုပါကလည်း အသင့်ကြိုဆိုမည်ဖြစ်တဲ့အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်း ဆွေးနွေးပြောကြားခဲ့တာဖြစ်ပါတယ်။

အဆိုပါရှင်းလင်းဆွေးနွေးမှုတွေအပေါ် ဗိုလ်ချူပ်မှူးကြီး မင်းအောင်လှိုင်က ကျောင်းသား၊ ကျောင်းသူများအား စိစစ်ရွေးချယ် မှုအတွက် အရည်အချင်း သတ်မှတ်ချက်တွေ၊ မြန်မာနိုင်ငံမှ စစ်ဘက်၊ အရပ်ဘက် သင်တန်းသားများ စေလွှတ်တက်ရောက် ပညာသင်ကြားနိုင်မည့် အခြေအနေများတွေနှင့်ပတ်သက်လို့လည်း သိရှိလိုတာတွေကို ပြန်လည်မေးမြန်း ဆွေးနွေးခဲ့တယ်လို့ သတင်းအရသိရပါတယ်။

အဆိုပါ Novosibirsk State University သည် ၁၉၅၈ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ သည့် ပုဂ္ဂလိကပိုင် သုတေသနတက္ကသိုလ်တစ်ခုဖြစ်ပြီး ၂၀၂၂ ခုနှစ်တွင် QS World University ၌ အဆင့် ၂၄၆ ရရှိခဲ့ကြောင်း၊ တက္ကသိုလ်တွင် လူမှုပညာရပ်ဆိုင်ရာဌာနခွဲ၊ ဆေးပညာနှင့် စိတ်ပညာဌာနခွဲ၊ ဒဿနိကဗေဒနှင့် ဥပဒေဌာနခွဲ၊ သင်္ချာနှင့် စက်မှုသိပ္ပံဌာနခွဲ၊ ရူပဗေဒဌာနခွဲ၊ ဘူမိဗေဒနှင့် ဘူမိရူပဗေဒဌာနခွဲ၊ သဘာဝ သိပ္ပံဌာနခွဲ၊ သတင်းအချက်အလက်နှင့် နည်းပညာဌာနခွဲ၊ စီးပွားရေးနှင့် စီမံခန့်ခွဲမှု ဌာနခွဲနှင့် လေ့ကျင့်ရေး ဌာနခွဲတို့အပြင် အင်္ဂလိပ်၊ ဂျာမန်၊ ပြင်သစ်၊ အီတလီ၊ စပိန်၊ ဂျပန်နှင့် တရုတ်ဘာသာ စကားတို့ကို ဒုတိယ ဘာသာစကားအဖြစ် သင်ကြား ပို့ချပေးလျက်ရှိသည့် ဘာသာစကား သင်တန်းများလည်း ရှိကြောင်း သိရှိရပါတယ်။

နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲဝင်များဟာ ဇူလိုင် ၁၆ ရက် ဒေသစံတော်ချိန် မွန်းလွဲပိုင်းတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ Novosibirskမြို၊ Tolmachevo လေဆိပ်မှ ပြန်လည်ထွက်ခွာရာ မြန်မာစံတော်ချိန်ညပိုင်းတွင် နေပြည်တော်သို့ ပြန်လည်ရောက်ရှိခဲ့ကြောင်း သိရပါတယ်။

ymg-mnn

#Yangon_Media_Group