#LocalNews
Published _16 July 2022

 

Online စနစ်ဖြင့် တရားမဝင်ပညာသင်ကြားမှုအစီအစဉ်ကို ဦးဆောင်သူ အပါအဝင် ၃ ဦးအား ဖမ်းဆီးမိကြောင်း နစက က ထုတ်ပြန်လိုက်သည်။

 

ယင်းမှာ Kaung For You တရားမဝင်ပညာသင်ကြားမှုအစီအစဉ်ကို Online စနစ်ဖြင့် သင်ကြားနိုင်ရန် ကျောင်းအုပ်ကြီးအဖြစ် တာဝန်ယူထားသည့် မြစ်သားမြို့မရဲစခန်းက ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅- က ဖြင့် အမှုဖွင့်လှစ်ထားသော ကောင်းသိုက်စိုး(CDM ၊ လက်ထောက်မြို့နယ်ပညာရေးမှူး)၊ ၃၂ နှစ်၊ (ဘ) ဦးရန်အောင်၊ မြစ်သားမြို့နယ်၊ ကူမဲမြို့နေသူဖြစ်ပြီး ဇူလိုင်လ ၁၃ ရက် နေ့လယ်က ဖမ်းဆီးမိကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထယးသည်။

 

၎င်းနှင့်အတူ ဝင်းဗိုလ်(ခ)ဘိုဘို(CDM ၊ မူလတန်းပြ)၊ ၂၈ နှစ်၊ (ဘ) ဦးထွန်းရွှေ၊ ကျောက်ဆည်မြို့နယ်၊ ကျားကာရွာနေသူနှင့် သန့်စင်ထိုက်(CDM ၊ မူလတန်းပြ)၊ ၂၈ နှစ်၊ (ဘ) ဦးမောင်အေး၊ မြစ်သားမြို့နယ်၊ မြင်းရွာကြီးကျေးရွာနေသူတို့ကို ရှမ်းပြည်နယ်(တောင်ပိုင်း)၊ အောင်ပန်းမြို့နယ်၊ လှည်းရိုးရပ်ကွက်အတွင်း ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သိရသည်။

 

Kaung For You Federal Private School Team ကို ၂၀၂၂ ခုနှစ်၊ ဧပြီလ(ပထမပတ်)တွင် Online မှတစ်ဆင့် အဖွဲ့ဝင် ၁၂ ဦးဖြင့် စတင်ဖွဲ့စည်းခဲ့ပြီး ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၁၃ ရက်တွင် စတင်သင်ကြားပို့ချနိုင်ရေး စီစဉ်ဆောင်ရွက်ထားကြောင်း၊ ထိုသို့သင်ကြားပို့ချနိုင်ရန်အတွက် CDM ပြုလုပ်ထားသူ ဆရာ၊ဆရာမ ၄၀၀ ဦးခန့်အား ခန့်အပ်နိုင်ရန် စီစဉ်ဆောင်ရွက်ခဲ့ကြောင်း၊ ကျောင်းတက်ရောက်မည့် ကျောင်းသား၊ ကျောင်းသူများကိုလည်း ဇွန်လ ၁ ရက်မှစတင်၍ Online မှတစ်ဆင့် ကျောင်းအပ်လက်ခံခဲ့ပြီး Online အခြေပြုစာသင်ကြားမှု အတွက် Zoom Application၊ Facebook ၊ Telegram ၊ Signal ၊ Gmail ၊ Messenger တို့တွင် Group များဖွဲ့၍ ဆက်သွယ်အသုံးပြုထားသည်ကို စစ်ဆေးတွေ့ရှိရ‌ကြောင်းထုတ်ပြန်ထားသည်။

 

ထိုသို့ Online မှတစ်ဆင့် စာသင်ကြားမည့် CDM ကျောင်းဆရာ၊ဆရာမများအတွက် လစာငွေကို ကျောင်းအပ်နှံသူ ကျောင်းသား၊ကျောင်းသူများ၏ မိဘများထံမှ တစ်လလျှင် တစ်ဦးအနည်းဆုံး ၁၀,၀၀၀ ကျပ်နှုန်းကောက်ခံခဲ့ကြောင်းသိရသည်။

 

ဖမ်းဆီးရမိ တရားခံများ၏ ထွက်ဆိုချက်များမှ စစ်ဆေးပေါ်ပေါက်ချက်များအပေါ်အခြေခံ၍ Kaung For You Federal Private School တရားမဝင်စာသင်ကြားမှု အစီအစဉ်တွင်ပါဝင်သည့် ဆရာ၊ဆရာမများ၊ ငွေကြေးထောက်ပံ့မှုများ၊ ပူးပေါင်းပါဝင် ဆောင်ရွက်နေသည့် အဖွဲ့အစည်းများကိုလည်း ဆက်လက်ဖော်ထုတ်၍ ဥပဒေအရ ထိရောက်စွာအရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း နစက က ထုတ်ပြန်ထားသည်။

 

ymg/mt
#Yangon _ Media _Group