#Local_News
Published _ 15 July 2022

 

ဖိလစ်ပိုင်နိုင်ငံသို့ ရောက်ရှိနေသည့် မြန်မာနိုင်ငံသားကလေးများ အနေဖြင့် ယခုပညာသင်နှစ်တွင် အခြေခံပညာအတန်းတက်ရောက်လိုပါက ဇူလိုင် ၂၀ ရက်နောက်ဆုံးလျှောက်ထားနိုင်ကြောင်း မနီလာမြို့ရှိ မြန်မာသံရုံးမှ ထုတ်ပြန် ကြေညာထားပါတယ်။

 

နိုင်ငံခြားရောက် မြန်မာကလေးများအတွက် အခြေခံပညာအတန်းတွေကို သက်ဆိုင်ရာ သံရုံးများ၏ အစီအစဉ်ဖြင့် နှစ်စဉ်ဖွင့်လှစ်နေခြင်းဖြစ်ပြီး ယခုပညာသင်နှစ်အတွက် အတန်းတက်ရောက်ခွင့်လျှောက်လွှာတွေကို ဇူလိုင် ၂၀ရက်နောက်ဆုံးထားခေါ်ယူခြင်း ဖြစ်သည်။

 

၂၀၂၂ - ၂၀၂၃ ပညာသင်နှစ်အတွက် အခြေခံပညာသင်ယူခြင်း အစီအစဉ် (သူငယ်တန်းမှ ဒသမတန်းအထိ)တက်ရောက်လိုသည့် မြန်မာနိုင်ငံသား ကလေးများ အနေနှင့် အမြင့်ဆုံးအောင်မြင်ခဲ့သည့် အတန်းအထောက် အထားအတွက် အောင်လက်မှတ် (သို့မဟုတ်) ကျောင်းထွက် လက်မှတ်မူရင်းကို တင်ပြရမည်ဖြစ်ကြောင်း သိရသည်။

 

နိုင်ငံခြားရောက် မြန်မာနိုင်ငံသားကလေးများ အခြေခံပညာသင်ယူခြင်းအစီအစဉ်မှ သင်ယူပြီးမြောက်သည့် သူတွေအနေဖြင့် အဆိုပါ လက်မှတ်များကို တင်ပြရန်မလိုကြောင်း ဖော်ပြထားသည်။

 

သူငယ်တန်းအပ်နှံမည့် ကလေးများအနေဖြင့် ၂၀၂၂ ခုနှစ် မေလ ၃၁ ရက်တွင် အသက်ငါးနှစ်ပြည့်ပြီးသူ ဖြစ်ရမည့်အပြင် မွေးစာရင်းမူရင်း/မိတ္ထူတင်ပြရမည်ဖြစ်ကြောင်း သံရုံးမှ အသိပေးထားသည်။

 

ယင်းအပြင် အတန်းတက်ရောက်ရန်အတွက် ကျောင်းဝင်ခွင့်လျှောက်လွှာနှင့် အတူ မိဘနှင့် ကျောင်းသား၊ ကျောင်းသူ၏ သက်တမ်းရှိသည့် မြန်မာနိုင်ငံကူးလက်မှတ်မိတ္ထူ၊ ဗီဇာအမျိုးအစား၊ ဗီဇာတံဆိပ်တုံးရှိသည့် စာမျက်နှာမိတ္ထူ၊ ဖိလစ်ပိုင်နိုင်ငံအစိုးရမှ ထုတ်ပေးထားသည့် နေထိုင်ခွင့်အသိအမှတ်ပြု မှတ်ပုံတင်ကတ်ပြားမိတ္ထူတွေကို တင်ပြရမည်ဖြစ်ကြောင်း သိရသည်။

 

လျှောက်ထားသူသည် မိဘအုပ်ထိန်းသူမရှိဘဲ ကိုယ်တိုင်အလုပ်လုပ်ကိုင်နေခြင်း၊ ကျောင်းတက်ရန် ဖိလစ်ပိုင်သို့ရောက်ရှိနေပါက ဖိလစ်ပိုင်နိုင်ငံကို ဘာကြောင့်ရောက်ရှိနေသလဲဆိုသည့် အကြောင်းပြချက်အထောက်အထားကို တင်ပြရမည်ဖြစ်ကြောင်းကြေညာချက်တွင် ဖော်ပြထားသည်။

 

ယင်းအပြင် ခြောက်လအတွင်း ရိုက်ကူးထားသည့် ပတ်စ်ပို့အရွယ် ဓာတ်ပုံသုံးပုံကိုလည်း တင်ပြရမည်ဖြစ်ပြီး အတန်းဝင်ခွင့်ရသွားသူအနေဖြင့် ပထမနှစ်ဝက်၊ နှစ်ဆုံးစာမေးပွဲတွေကို ဖြေဆိုအောင်မြင်မှသာလျင် အောင်စာရင်းထုတ်ပြန်ပေးမည် ဖြစ်ကြောင်း သံရုံးမှ အသိပေးထားပါတယ်။

 

ymg/NN
#Yangon_Media_Group