#Local_News
Published - 15 July 2022

 

အဝေးသင်တက္ကသိုလ် တက်မည့်ကျောင်းသားကျောင်းသူများအနေဖြင့် ယခုလကုန်တွင်နောက်ဆုံးထား၍ ကျောင်းအပ်ရမည်ဖြစ်ကြောင်း အဆင့်မြင့်အခြေခံပညာဦးစီးဌာနမှ ထုတ်ပြန်ကြေညာထားသည်။

 

တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များတွင် ဖွင့်ရန်ကျန်နေသည့် ၂၀၂၂ ပညာသင်နှစ် အဝေးသင် ပထမနှစ်(၂၀၁၉ တက္ကသိုလ်ဝင်စာမေးပွဲအောင်)၊ ဒုတိယနှစ်၊ တတိယနှစ်နဲ့ ပထမနှစ်(၂၀၂၀ တက္ကသိုလ်ဝင်စာမေးပွဲအောင်) အဝေးသင် သင်တန်းတွေကို ပြီးခဲ့သည့် ဇွန်လ ၁၁ ရက်တွင် စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

ယခင်စာသင်နှစ်များတွင် ကျောင်းအပ်မှတ်ပုံတင်ရန် ကျန်ရှိနေသည့် နှစ်ချို့ကျောင်းသား ကျောင်းသူများနှင့် ၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်လာပြီး ၂၀၂၂ ပညာသင်နှစ် အဝေးသင်ပထမနှစ်သင်တန်းများကို တက်ရောက်ခွင့် ရရှိထားကြသူများ အားလုံးကိုလည်း ၃၁-၇-၂၀၂၂ ရက်အထိ သက်ဆိုင်ရာ ကျောင်းများတွင် ကျောင်းဝင်မှတ်ပုံတင်ရန်နှင့် စာစဉ်များ တင်သွင်းနိုင်မည်ဖြစ်ကြောင်း၊ အကြောင်းအမျိုးမျိုးကြောင့် နယ်စပ်ဒေသများ၊ ပြည်တွင်းက မလုံခြုံသည့် နေရာများ၌ ရောက်ရှိနေပြီး ရိုးသားစွာ ကျောင်းပြန်တက်လိုသည့် ကျောင်းသား ကျောင်းသူများကိုလည်း ပညာရေးကို ဆက်လက်လုပ်ဆောင်နိုင်ရေး အတွက်လည်း ဖိတ်ခေါ်ထားပြီး ကြေညာချက်များလည်း ထုတ်ပြန်ထားကြောင်း သိရသည်။

 

ymg/sth
#Yangon_Media_Group