++++++++++++++++++++++++++++++++++++

Published- 31 August 2021

တရုတ်နိုင်ငံအနေနှင့် မြန်မာနိုင်ငံရဲ့  လူမှုရေးတည်ငြိမ်မှု ပြန်လည်ရရှိအောင် ကြိုးပမ်းအားထုတ်မှုနှင့် စောနိုင်သမျှစောစော ဒီမိုကရက်တစ်အသွင်ပြောင်းလဲခြင်းတွေ ပြန်လည်စတင်နိုင်ဖို့အတွက် အပြုသဘောဆောင်တဲ့ အခန်းကဏ္ဍကနေ နိုင်ငံတကာ အသိုက်အဝန်းနှင့်အတူ လက်တွဲလုပ်ဆောင်နေတယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရသူက အင်္ဂါနေ့(ဩဂုတ် ၃၁)ရက်နေ့က ပြောကြားလိုက်တယ်လို့ ဆင်ဟွာသတင်းဌာနက သတင်းထုတ်ပြန်ပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အာရှရေးရာဆိုင်ရာ အထူးသံတမန် မစ္စတာဆွန်ကော့ရှန် Sun Guoxiang မကြာသေးမီက မြန်မာနိုင်ငံသို့ သွားရောက်ခဲ့တာနှင့် ပတ်သက်လို့ သတင်းထောက်တွေရဲ့မေးမြန်းချက်ကို နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ မစ္စတာဝန်ဝေဘင်းက ဖြေကြားခဲ့တာဖြစ်ပါတယ်။

ဆွန်ဟာ ဖိတ်ကြားချက်အရ ဩဂုတ် ၂၁ရက် ၂၈ ရက်အထိ မြန်မာနိုင်ငံကို သွားရောက်ခဲ့တာဖြစ်ပြီး မြန်မာခေါင်းဆောင် ဗိုလ်ချူပ်မှူးကြီး မင်းအောင်လှိုင်၊နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင် ၊အစိုးရအဖွဲ့ရုံးဝန်ကြီး ဒုတိယဗိုလ်ချူပ်ကြီးရာပြည့် တို့နှင့်တွေ့ဆုံခဲ့တယ်လို့ မစ္စတာဝန်က ပြောကြားပါတယ်။  တွေ့ဆုံကြတဲ့အခါ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေနှင့် တရုတ်-မြန်မာ ကိုဗစ်-၁၉ ပူးပေါင်းကာကွယ်တိုက်ဖျက်ရေးတွေနှင့်ပတ်သက်လို့ အမြင်ချင်းဖလှယ်ခဲ့ကြတယ်လို့ သူက ဆက်ပြောပါတယ်။

နှစ်နိုင်ငံဟာ ပေါက်ဖော်ချစ်ကြည်ရေးနှင့် အိမ်နီးချင်းတွေဖြစ်ကြတယ်လို့ တရုတ်နိုင်ငံဘက်က စတင်ပြောဆိုခဲ့ပါတယ်။ တရုတ်ရဲ့ မိတ်ဆွေချစ်ကြည်ရေးမူဝါဒဟာ မြန်မာပြည်သူတွေ အားလုံးအတွက်ဖြစ်တယ်လို့လည်းဆိုပါတယ်။

“ မြန်မာနိုင်ငံနှင့် မြန်မာပြည်သူတွေရဲ့ ရေရှည်အကျိုးစီးပွားကနေပြီး မြန်မာနိုင်ငံက အဖွဲ့တွေအားလုံး ရှေ့ဆက်သွားကြဖို့နှင့်  ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် တရားဥပဒေမူဘောင်အတွင်းထဲက စေ့စပ်ဆွေးနွေးမှုတွေက တစ်ဆင့် သင့်လျော်မှန်ကန်တဲ့ အဖြေကိုရှာဖွေနိုင်ဖို့ ကျွန်တော်တို့မျှော်လင့်ပါတယ်” လို့ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ မစ္စတာဝန်က ဆက်ပြောပါတယ်။

တရုတ်နိုင်ငံဟာ အာဆီယံရဲ့ ဘုံသဘောတူညီချက်ငါးချက်ကို အကောင်အထည်ဖော်ဖို့ မြန်မာနိုင်ငံက အာဆီယံနှင့်ပူးပေါင်း ဆောင်ရွက်နေတာကို ထောက်ခံအားပေးတယ်။ပြီးတော့ မလျော်ကန်တဲ့ ပြည်ပ ဝင်ရောက်စွက်ဖက်မှုတွေကိုလည်း  ဆန့်ကျင်ပါတယ်လို့ ဝန်ကပြောပါတယ်။

မြန်မာနိုင်ငံကို ကပ်ရောဂါတိုက်ဖျက်ရေးအကူအညီတွေ တရုတ်က ဆက်ပေးသွားမှာဖြစ်ပြီး ကပ်ဘေးကာကွယ်ရေးနှင့် ထိန်းချုပ်ရေး၊ နှစ်နိုင်ငံပြည်သူတွေရဲ့ ကျန်းမာရေးနှင့်ဘေးကင်းရေးတို့ကိုစောင့်ကြပ်ရေးတို့အတွက် ပူးတွဲဆောင်ရွက်မှုကို မြှင့်တင်ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ဝန်ကပြောပါတယ်။

မြန်မာနိုင်ငံဘက်ကလည်း တည်ငြိမ်မှုထိန်းသိမ်းရေး၊ကိုဗစ်တိုက်ဖျက်ရေး၊စီးပွားရေးပြန်လည်သက်ဝင်လှုပ်ရှားအောင် ဆောင်ရွက်ရေးနှင့် ပြည်သူတွေရဲ့လူမှုဘဝတိုးတက်ရေးများအတွက် ကတိပြုတာကို အလေးပေးပြောဆိုခဲ့တယ်။ပြီးတော့  တရုတ်နိုင်ငံ၊အာဆီယံအဖွဲ့ကြီးနှင့် အနီးကပ်ဆက်သွယ် ပူးပေါင်းဆောင်ရွက်ဖို့ မျှော်လင့်ကြောင်းလည်း ဖော်ပြပြောဆိုခဲ့ တယ်လို့ ဝန်ရဲ့ ရှင်းလင်းဖြေကြားချက်အရသိရပါတယ်လို့ ဆင်ဟွာသတင်းမှာ ဖော်ပြထားပါတယ်။

Source:Xinhua