#Local_News
Published_ 15 July 2022

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်တွင် ငွေကျပ် ၁ဒသမ၃၇ ဘီလီယံကျော် တန်ဖိုးရှိ အိုက်စ် (မက်သ်အဖက်တမင်း) ၁၅၉ ကီလိုနှင့် ဘိန်းဖြူဘလောက်တုံး ၂၀ တုံး၊ အလေးချိန် ၇ ကီလို ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်း ထုတ်ပြန်ထားပါတယ်။

 

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် ဇူလိုင်လ ၁၁ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်၊ နောင်နွန်းပူးပေါင်းစစ်ဆေးရေးစခန်းတွင် ကျိုင်းတုံမှ တာချီလိတ်ဘက်သို့ သန်းနိုင်မောင်းနှင်လာသည့် DONGFENG ၆ ဘီးမော်တော်ယာဉ်အား သတင်းအရ ရှာဖွေခဲ့ပါတယ်။

 

ထိုသို့ရှာဖွေရာ ယာဉ်ပေါ်မှ ဒေသကာလတန်ဖိုးငွေကျပ် ၁ ဒသမ ၃၇ ဘီလီယံကျော်တန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) ၁၅၉ ကီလို၊ ဘိန်းဖြူဘလောက်တုံး ၂၀ တုံး၊ အလေးချိန် ၇ ကီလိုတို့အား သိမ်းဆည်းရမိခဲ့ပါတယ်။

 

စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ မူးယစ်ဆေးဝါးများအား ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မိုင်းပျဉ်းမြို့နယ်မှ တာချီလိတ်မြို့နယ်သို့ သယ်ဆောင်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းအား ဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေး ဖော်ထုတ်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန် ထားပါတယ်။

 

ymg-mnn
#Yangon_Media_Group