#Local_News
Published - 13 July 2022

 

ကိုဗစ်- ၁၉ ကာကွယ်ဆေးထိုးထားသော်လည်း မျိုးပြောင်းသဘာဝအရ ကူးစက်မှုရှိနိုင်ပြီး ရောဂါအခံရှိသူများ လုံးဝ Mask မချွတ်သင့်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ ဒေါက်တာသန်းနိုင်စိုးက ပြောသည်။

 

"ရောဂါအခံရှိတဲ့သူတွေအနေနဲ့ Mask ကိုမချွတ်သင့်ဘူး။ အထူးသဖြင့် လေဝင်လေထွက်မကောင်းတဲ့နေရာတွေ၊ ဈေး၊ ဆေးရုံ၊ ဆေးခန်း၊ ဈေးဝယ်စင်တာနေရာမျိုးတွေကို သွားမယ်ဆိုရင် Mask ကိုမချွတ်သင့်ဘူး။ ကာကွယ်ဆေးထိုးထားတယ်။ ပြင်းပြင်းထန်ထန်မဖြစ်နိုင်ဘူးလို့ သတ်မှတ်လိုမရဘူး။ ရောဂါခံပိုးတွေ ဆိုးလာမယ်။ သွေးကြောင့်မဟုတ်ရင်တောင် ပိုးကြောင့်မူလရောဂါအခံတွေ ပိုဆိုးလာနိုင်တယ်။ သေဆုံးမှုမဖြစ်နိုင်ဘူးလို့ပြောဖို့ခက်တယ်"ဟုယင်းကပြောသည်။

 

မြန်မာနိုင်ငံ၌ ဇူလိုင်လ ၁၁ ရက်ညပိုင်း၌ အိုမီခရွန် BA.4 ၊ BA.5 ၅ ဦးစစ်ဆေးတွေ့ရှိခဲ့ပြီး ဇူလိုင် ၁၂ ရက်တွင် ၉ ဦးထပ်မံတွေ့ရှိခဲ့ကြောင်း ထုတ်ပြန်ထားသည့်စာရင်းများအရ သိရသည်။

 

အိုမီခရွန် မျိုးရိုးဗီဇပြောင်းရောဂါပိုးများသည် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံပြီးသူများတွင် ရောဂါလက္ခဏာပြင်းထန်မှုနှင့်သေဆုံးမှုလျော့နည်းကြောင်း၊ ယင်းအပြင် ပြည်တွင်းကူးစက်မှုမရှိသော်လည်း ပြည်ပမှ ပြန်လည်ဝင်ရောက်လာသည့်သူများတွင် အများဆုံးတွေ့ရပြီး ကယ်ဆယ်ရေးလေယာဉ်ဖြင့် ပြန်လာသည့်သူများ၌ ပိုးတွေ့ရှိမှုရာခိုင်နှုန်းများကြောင်း သိရသည်။

 

ymg/sth
#Yangon_Media_Group