Published 12 July 2022

ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ မော်စကိုမြို့၊ ကာလုဂါပြည်နယ်၊ ETHNOMIR ကမ္ဘာ့ ယဉ်ကျေးမှုမြို့တော်ရှိ ရွှေစည်းခုံပုံတူစေတီတော်ကြီး  ရတနာစိန်ဖူးတော်၊ ငှက်မြတ် နားတော် တင်လှူပူဇော်ပွဲနှင့် ဗုဒ္ဓါဘိသေကအနေကဇာတင် မဟာမင်္ဂလာ အခမ်း အနားကို သာသနာတော်နှစ် ၂၅၆၆ ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၃၈၄ ခုနှစ်၊ ဝါဆို လပြည့်နေ့ဖြစ်သည့် ယနေ့နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ခဲ့ပါတယ်။

မဟာမင်္ဂလာ အခမ်းအနားသို့ သီတဂူကမ္ဘာ့ဗုဒ္ဓ တက္ကသိုလ်များ၏ အဓိပတိအဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မ ဇောတိက၊ မဟာဓမ္မ ကထိက ဗဟုဇနဟိတဓရ၊ ရွှေကျင်နိကာယ ဥက္ကဋ္ဌ ရွှေကျင်သာသနာပိုင် သီတဂူဆရာတော်ဘုရားကြီး ဒေါက်တာ ဘဒ္ဒန္တဉာဏိဿရ၊ နိုင်ငံတော် သံဃမဟာ နာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ ကျောက်မဲဆရာတော် ဒေါက်တာ ဘဒ္ဒန္တ စန္ဒနဿရ၊ တိပိဋက ဆရာတော် ဘဒ္ဒန္တ သီလက္ခန္ဓာဘိဝံသ နှင့် အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓ သာသနာပြုတက္ကသိုလ် ပါမောက္ခချုပ် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ မဟာဓမ္မကထိက ဗဟုဇနဟိတဓရ၊ မဟာဂန္ထဝါစကပဏ္ဍိတ ဒေါက်တာ ဘဒ္ဒန္တ ဆေကိန္ဒ (ဓမ္မဒူတ ဆရာတော်)တို့ အမှူးပြု သည့် ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ Orthodox ဘုန်းတော်ကြီး၊ လားမားဘုန်းတော်ကြီးများ ကြွရောက်ချီးမြှင့်တော်မူကြပါတယ်။

အဆိုပါ အခမ်းအနားသို့ နစကဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဇနီးဒေါ်ကြူကြူလှ၊ ရုရှားဖက်ဒရေးရှင်း နိုင်ငံ၊ အထက်လွှတ်တော်ဒုတိယဥက္ကဋ္ဌ Konstantin Losifovich Kosachev၊ ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး Colonel General Alexander Vasilievich  Fomin(အလက်ဇန်းဒါး ဗာစီးလီယယ်ဗစ် ဖိုမင်)၊ ရုရှား ဖက်ဒရေးရှင်းနိုင်ငံ အစိုးရအဖွဲ့အစည်းနှင့် ကာကွယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ စစ်ဘက်၊ နယ်ဘက်မှ တာဝန်ရှိသူများ၊   မြန်မာ့တပ်မတော်မှ ပညာတော်သင် သင်တန်းသား အရာရှိများ၊ ရုရှား-မြန်မာချစ်ကြည်ရင်းနှီးမှု ပူးပေါင်းဆောင်ရွက်ရေးအသင်းမှ ဧည့်သည်တော်များ၊ စစ်ဘက်နည်းပညာပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့အစည်းမှ ဧည့်သည်တော်များ၊ မော်စကိုထေရဝါဒဗုဒ္ဓ အဖွဲ့အစည်းများ၊ ဘာသာရေးအဖွဲ့အစည်း များ၊ သံရုံးများမှ ဖိတ်ကြား ထားသည့် ဧည့်သည့်တော်များ၊  ဗုဒ္ဓဘာသာဝင် ရုရှား နိုင်ငံသားများ တက်ရောက်ကြခဲ့ကြပါတယ်။

အခမ်းအနားတွင်  ဥပါသကာများက ပရိတ်ပန်း၊ ပရိတ်ရေ၊ ပရိတ်ချည်၊ ပရိတ်သဲ များကို ယူဆောင်၍ စေတီတော် ပရိဝုဏ်တော်တွင် ပက်ဖျန်းကြဲဖြန့်ချည်နှောင် တားဆီးကာရံကြပါတယ်။

အဲဒီနောက် နစကဥက္ကဋ္ဌ နှင့်ဇနီးတို့က ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့်  လှူဖွယ်ပစ္စည်း များအား သီတဂူဆရာတော်ဘုရားကြီးထံ ဆက်ကပ်လှူဒါန်းကြပြီး အမွှေးနံ့သာရည်များ ပက်ဖျန်းပူဇော်ကြပါတယ်။

အဲဒီနောက် နစက ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်တွေဟာ ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော် တို့အား ပင့်ဆောင်၍ စေတီတော်ကြီးအား လက်ယာရစ် လှည့်လည်ပင့်ဆောင် ပူဇော်ကြပါတယ်။

ယင်းနောက် မင်္ဂလာအချိန်တွင် ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်တို့အား  စေတီတော်အထွတ်သို့ ပင့်ဆောင်တပ်ဆင်ပူဇော်၍ ပရိတ် နံ့သာရည် များ ပက်ဖျန်းကြပြီး ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော် တင်လှူပူဇော် အောင်မြင်ခြင်း အထိမ်းအမှတ် ရတနာ ရွှေမိုး၊ ငွေမိုးများ ရွာသွန်းဖြိုးကြသည်။

ဆက်လက်ပြီး သံဃာတော်အရှင်သူမြတ်များက ရွှေစည်းခုံပုံတူစေတီတော်ကြီး အား ဗုဒ္ဓါဘိသေက အနေကဇာတင်၍ ဗုဒ္ဓါဘိသိတ်သွန်းတော်မူကြပြီး သီတဂူ ဆရာတော်ဘုရားကြီးက ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ မော်စကို မြို့၊ ကာလုဂါပြည်နယ်၊ ETHNOMIR ကမ္ဘာ့ယဉ်ကျေးမှုမြို့တော်ရှိ ရွှေစည်းခုံပုံတူစေတီတော်ကြီး  ရတနာ စိန်ဖူးတော်၊ ငှက်မြတ်နားတော် တင်လှူပူဇော်ပွဲနှင့် ဗုဒ္ဓါ ဘိသေက အနေကဇာတင် မဟာမင်္ဂလာအခမ်းအနား အောင်မြင်စွာ ပြီးမြောက်ခြင်းအဖြစ် ဝမ်းမြောက် ဩဝါဒ စကားမြွက်ကြားခဲ့ပါတယ်။

ယနေ့ ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော် တင်လှူပူဇော်ပြီးစီးသည့် ရွှေစည်းခုံ ပုံတူစေတီတော်မြတ်ကြီးသည် ရုရှား-မြန်မာ နှစ်နိုင်ငံချစ်ကြည်ရေးနှင့် ယဉ်ကျေးမှု ပူးပေါင်းဆောင်ရွက်မှု၏ သမိုင်းမှတ်တိုင်တစ်ခုဖြစ်သည့်အတွက် သက်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် စေတီတော်မြတ်ကြီး နှစ်ပေါင်း ရှည်ကြာ အဓွန့်ရှည် တည်တံ့ခိုင်မြဲရေးအတွက် ဝိုင်းဝန်းထိန်းသိမ်းဆောင်ရွက်ပေးကြရန် မေတ္တာ ရပ်ခံလိုပါကြောင်းဖြင့် လျှောက်ထားတင်ပြပါတယ်။

ယင်းနောက် လားမားဘုန်းတော်ကြီးနှင့် ရုရှားကာကွယ်ရေးဝန်ကြီးဌာန၊ ဒုတိယ ဝန်ကြီးတို့က ဝမ်းမြောက်စကားများ အသီးသီးပြောကြားခဲ့ကြကြောင်းသိရှိရပါတယ်။

#Russia_Myanmar_Ties

#Myanmar_Buddhism_Russia