Published 12 July 2022

ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ ရောက်ရှိနေသည့် နစက ဥက္ကဋ္ဌ၊တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည်  ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ကာကွယ်ရေးဝန်ကြီး Army General Sergey Kuzhugetovich Shoigu ကိုယ်စား ကာကွယ်ရေးဝန်ကြီးဌာနမှ အကြီးအကဲများနှင့် ဇူလိုင် ၁၁ ရက်မွန်းလွဲပိုင်းတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ဧည့်ခန်းမဆောင်၌ အလုပ်သဘောတွေ့ဆုံဆွေးနွေးခဲ့တယ်လို့ နစကရဲ့ သတင်းထုတ်ပြန်ချက်အရသိရပါတယ်။

အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ နစက ဥက္ကဋ္ဌနှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ရုရှားနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီး ဦးလွင်ဦးနှင့် မြန်မာစစ်သံ (ကြည်း၊ ရေ၊ လေ) ဗိုလ်မှူးချုပ် မိုးကျော် တို့ တက်ရောက်ကြပြီး ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ကာကွယ်ရေးဝန်ကြီးမှ အကြီးအကဲများနှင့်အတူ ရုရှား တပ်မတော်မှ အရာရှိကြီးများ တက်ရောက်ခဲ့ကြတာဖြစ်ပါတယ်။

ထိုသို့တွေ့ဆုံရာတွင် နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးမှု နှင့် စစ်ဘက်နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုတိုးမြှင့်ဆောင်ရွက်နိုင် မည့် အခြေအနေများ၊ ရုရှားနိုင်ငံတွင် ကျင်းပပြုလုပ်လျက်ရှိသည့် ကာကွယ်ရေးစွမ်းရည် တိုးမြှင့်ရေးဆိုင်ရာ ပြိုင်ပွဲများနှင့် လေ့ကျင့်ရေးဆောင်ရွက်မှုများတွင် မြန်မာ့တပ်မတော်မှ ပါဝင်ယှဉ်ပြိုင်ဆောင်ရွက်လျက်ရှိပြီး ဆက်လက်ပါဝင်ဆောင်ရွက်သွားမည့် အခြေအနေ များ၊ မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှု အခြေအနေများနှင့် နှစ်နိုင်ငံ အစိုးရနှင့် တပ်မတော်နှစ်ရပ်အကြား ကဏ္ဍပေါင်းစုံတွင် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည့် အခြေအနေများအား ခင်မင်ရင်းနှီးစွာ အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ကြတယ်လို့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

-ymg/mnn

#Yango_Media_Group