Published 12 July 2022

မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံတို့အကြား နျူကလီးယားစွမ်းအင် နည်းပညာပူးပေါင်းဆောင်ရွက်မှု နားလည်မှုစာချွန်လွှာ တစ်ရပ်ကို ရုရှားနိုင်ငံ မော်စကိုမြို့တွင် ယနေ့လက်မှတ်ရေးထိုးခဲ့ကြတယ်လို့ သတင်းထုတ်ပြန်ချက်အရ သိရှိရပါတယ်။

ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ ရောက်ရှိနေတဲ့ မြန်မာနိုင်ငံ နစက ဥက္ကဋ္ဌ ဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင်နှင့်အဖွဲ့ဟာ အဲဒီ စာချွန်လွှာလက်မှတ်ရေးထိုးရာသို့ တက်ရောက်ခဲ့ကြတယ်လို့လည်း သတင်းများကဆိုပါတယ်။

နစက ဥက္ကဋ္ဌနှင့်အဖွဲ့ဟာ ရုရှားနိုင်ငံပိုင် အဏုမြူကော်ပိုရေးရှင်း Rosatom State Corporations သို့ သွားရောက်ခဲ့ကာ  Rosatom State Corporations ၏ အထွေထွေညွှန်ကြားရေးမှူးချုပ် Mr. Alexey Likhachev (အလက်စီ လီခါချော့ဖ်) ဦးဆောင်တဲ့  အဖွဲ့ဝင်များနှင့် တွေ့ဆုံခဲ့တာဖြစ်ပါတယ်။

အဲဒီတွေ့ဆုံပွဲမှာ မြန်မာနိုင်ငံနှင့် ရုရှား နှစ်နိုင်ငံအကြားမှာ  နျူကလီးယားစွမ်းအင် နည်းပညာပူးပေါင်းဆောင်ရွက်မှုနယ်ပယ်တွေမှာ  နှစ်နိုင်ငံပြည်သူလူထု အကျိုး ရှိစေနိုင်မည့်ကဏ္ဍများ၌ ပူးပေါင်းဆောင်ရွက်နိုင်မယ့်အခြေအနေတွေ၊ နျူကလီးယား စွမ်းအင်ကို ငြိမ်းချမ်းစွာအသုံးပြုပြီး သိပ္ပံနှင့် သုတေသန စမ်းသပ်ခြင်း၊ ဆေးဝါးထုတ်လုပ်ခြင်းနှင့်  စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စက်မှုကဏ္ဍ၊ စားသောက်ကုန်ကဏ္ဍများတွင် အသုံးပြုဆောင်ရွက်နိုင်မယ့် အခြေအနေတွေကို ဆွေးနွေးခဲ့ကြပါတယ်လို့ သတင်းမှာဖော်ပြထားပါတယ်။

အဲဒီနောက်  မြန်မာနိုင်ငံ နစက၊ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ Rosatom State Corporations မှ အထွေထွေညွှန်ကြားရေးမှူးချုပ် Mr. Alexey Likhachev တို့က နားလည်မှုစာချွန်လွှာ တစ်ရပ်ကို အတည်ပြု လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

ထို့အပြင် နစက ဥက္ကဋ္ဌနှင့်အဖွဲ့ဟာ ရုရှားနိုင်ငံပိုင် အာကာသကော်ပိုရေးရှင်း State Space Corporation “Roscosmos” သို့ သွားရောက်၍ ရုရှားနိုင်ငံသမ္မတ၏ နိုင်ငံတကာအာကာသဆိုင်ရာ အထူးသံတမန်နှင့် “Roscosmos”၏ အထွေထွေညွှန်ကြားရေးမှူးချုပ်ဖြစ်သူ Dr.Dmitry Rogozin (ဒီမီတရီ ရာဂိုဇင်) ဦးဆောင်သည့် အဖွဲ့ဝင်များနှင့် တွေ့ဆုံကာ သိပ္ပံနှင့် နည်းပညာ ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာများကိုလည်းကောင်း တစ်ဖွဲ့ချင်းစီအလိုက် သီးခြားစီ တွေ့ဆုံ၍ အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါတယ်။

တွေ့ဆုံဆွေးနွေးမှုများ အပြီးတွင် နစက ဥက္ကဋ္ဌနှင့် ရုရှား-အာဆီယံ စီးပွားရေးကောင်စီဥက္ကဋ္ဌ၊ Rosatom State Corporations ၏ အထွေထွေညွှန်ကြားရေးမှူးချုပ်၊ ရုရှားနိုင်ငံသမ္မတ၏ နိုင်ငံတကာ အာကာသဆိုင်ရာ အထူးသံတမန်နှင့် “Roscosmos”၏ အထွေထွေညွှန်ကြားရေးမှူး ချုပ် တို့သည် အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန် ပေးအပ်ခဲ့ကြကြောင်း သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။