#Local_News
Published_ 12 July 2022

 

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ (၃/ ၂၀၂၂) ကြိမ်မြောက်အစည်းအဝေးကို ဇူလိုင် ၁၁ ရက် နံနက်ပိုင်းတွင် နေပြည်တော်ရှိ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၌ကျင်းပရာ အစည်းအဝေးတွင် ဆောင်ရွက်ဆဲ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း(၁၁)ခု၏ မတည်ငွေရင်း တိုးမြှင့်ခြင်းအပါအဝင် စက်မှုကဏ္ဍ၊ ဝန်ဆောင်မှုကဏ္ဍ၊ စိုက်ပျိုးမွေးမြူရေးကဏ္ဍနှင့် လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍတို့မှ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းသစ် (၁၉) ခုကို ခွင့်ပြုပေးခဲ့ကြောင်း သိရပါတယ်။

 

လုပ်ငန်းများရဲ့ ရင်းနှီးမြှုပ်နှံမှုပမာဏမှာ အမေရိကန်ဒေါ်လာ ၈၀၇ ဒသမ ၁၅၅ သန်းနှင့် ငွေကျပ် ၃၂၁,၉၄၈ ဒသမ ၇၅၂ သန်းဖြစ်ပြီး ပြည်တွင်းအလုပ်အကိုင် အခွင့်အလမ်းပေါင်း ၃,၁၀၀ ကျော်ကို ဖန်တီးပေးနိုင်မှာ ဖြစ်ပါတယ်။

 

အဆိုပါ အစည်းအဝေးသို့ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်းနှင့် ကော်မရှင်အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါတယ်။

 

ခွင့်ပြုခဲ့သောလုပ်ငန်းများတွင် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် အမျိုးအစားဖြစ်သည့် နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးရုံတည်ဆောက်၍ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းလုပ်ငန်း (၅) ခုလည်းပါဝင်ကြောင်း သိရပါတယ်။

 

၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွက် ယနေ့အချိန်အထိ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ဥပဒေအရ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းပေါင်း (၂၀) က စုစုပေါင်း အမေရိကန်ဒေါ်လာ ၈၂၉ ဒသမ ၁၄၆ သန်းဖြင့်လည်းကောင်း၊ မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း(၂၁)ခုက စုစုပေါင်းငွေကျပ် ၃၅၀,၉၄၇ ဒသမ ၃၄၇ သန်းဖြင့်လည်းကောင်း ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်လျက်ရှိကြပြီး အဆိုပါလုပ်ငန်းများမှ အလုပ်အကိုင်ခွင့်အလမ်းပေါင်း ၁၃,၀၀၀ ကျော်ကို ဖန်တီးပေးနိုင်ခဲ့ကြောင်း သတင်းရရှိပါတယ်။

 

ymg-mnn
#Yangon_Media_Group