#Local_News
Published _ 11 July 2022

 

လယ်ယာမြေများကို ခွင့်ပြုချက်မရရှိဘဲ အကွက်ရိုက်ရောင်းချလျင် လယ်ယာမြေဥပဒေအရ အမြင့်ဆုံး ထောင်ဒဏ် ၂နှစ်အထိ ချမှတ်နိုင်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့မှ ထုတ်ပြန်ထားသည်။

 

လယ်ယာမြေလုပ်ကိုင်ခွင့်ပြုလက်မှတ် ပုံစံ (၇) ရရှိသူများအနေဖြင့် လယ်ယာမြေအား ခွင့်ပြုမိန့်မရဘဲ တခြားနည်းဖြင့် ကျူးလွန်အသုံးပြုလျင် လယ်ယာမြေဥပဒေ ပုဒ်မ (၁၉) အရ သက်ဆိုင်ရာ မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့အနေနှင့် သတ်မှတ်ဒဏ်ကြေးငွေ ပေးဆောင်စေခြင်း၊ သတ်မှတ် နည်းလမ်းအတိုင်း လယ်ယာမြေကိုဆောင်ရွက်ခြင်းနှင့် လယ်ယာမြေပေါ်မှ အပြီးနှင်ထုတ်ခြင်းများ ပြုလုပ်နိုင်ကြောင်း ပါရှိသည်။

 

ယင်းပြင် လယ်ယာမြေပေါ်၌ ခွင့်ပြုချက်မရှိဘဲ ဆောက်လုပ်ထားသည့် အဆောက်အအုံများကို ဖယ်ရှားခြင်းစသည့် အမိန့်တစ်ရပ် သို့မဟုတ် အမိန့်တစ်ရပ်ထက် ပိုချမှတ်နိုင်ကြောင်း ယင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။

 

အဆိုပါ ပုဒ်မ (၁၉)အား လိုက်နာဆောင်ရွက်မှုမရှိလျင် လယ်ယာမြေဥပဒေ ပုဒ်မ (၂၀) အရ သက်ဆိုင်ရာ တရားရုံးမှာ ဦးတိုက်လျှောက်ထားတရားစွဲဆိုမည်ဖြစ်ပြီး ပြစ်မှုထင်ရှားစီရင်ခံရလျင် အနည်းဆုံး ထောင်ဒဏ်ခြောက်လမှ အများဆုံး ထောင်ဒဏ် နှစ်နှစ်ထိ ချမှတ်နိုင်ကြောင်း သိရသည်။

 

ငွေဒဏ်အနေနှင့် ကျပ်သုံးသိန်းမှ ကျပ်ငါးသိန်းအထိ ချမှတ်နိုင်ပြီး ထောင်ဒဏ်နှင့် ငွေဒဏ် နှစ်မျိုးလုံးလည်း ချမှတ်နိုင်ကြောင်း ပါရှိသည်။

 

မြေကွက်ဝယ်ယူသူများအနေဖြင့် ဂရန်၊ ဘိုးဘွားပိုင် နှင့် အစိုးရမှ တရားဝင်ချပေးထားသည့် မြေပေးမိန့်ရှိသော မြေများကိုသာ ဝယ်ယူကြရန်နှင့် လယ်ယာမြေများကို တခြားနည်းဖြင့် အသုံးပြုခွင့် ခွင့်ပြုမိန့် မရသေးလျင် ထိုမြေအား ဝယ်ယူခြင်း မပြုလုပ်ရန် ယင်းထုတ်ပြန်ချက်၌ ပါရှိသည်။

 

ymg/NN
#Yangon_Media_Group