#Local_News
Published_ 10 July 2022

 

မြန်မာ့လယ်ယာသုံး စက်ကိရိယာစက်ရုံ (အင်းကုန်း)မှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွင်း လယ်ယာသုံး စက်ကိရိယာ ၆ မျိုးကို လျာထားချက်ပြည့်မီစွာ ထုတ်လုပ်ဖြန့်ဖြူးပေးနိုင်ရေး စီမံဆောင်ရွက်လျက်ရှိပြီး လက်တွန်းထွန်စက် ၅၀၀၀ စီးထိ တိုးမြှင့်ထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။

 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနဝန်ကြီး ဦးတင်ထွဋ်ဦး ယမန်နေ့ နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်ရှိ မြန်မာ့လယ်ယာသုံး စက်ကိရိယာစက်ရုံ (အင်းကုန်း)၌ မြန်မာ့လယ်ယာသုံး စက်ကိရိယာလုပ်ငန်းရှင်များ အသင်း တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့ပါတယ်။

 

တွေ့ဆုံစဉ် စက်မှုလယ်ယာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် စက်ရုံမှူးတို့က ၂၀၂၁-၂၀၂၂ ကာလတို ဘဏ္ဍာရေးနှစ်အတွင်း လယ်ယာသုံးစက်ကိရိယာ သုတေသနပြု စမ်းသပ်ဆောင်ရွက်နိုင်မှု၊ စမ်းသပ်ဆောင်ရွက်ထားသော ကြက်သွန်စိုက် ပေါင်ဖော်ကိရိယာ၊ ကြက်သွန်စိုက်ကျင်းဖော် ကိရိယာများနှင့် ဆေးဖျန်းကိရိယာများ၊ မျိုးစေ့ချကိရိယာများကို စမ်းသပ်အသုံးပြုနေမှု၊ လက်တွန်းထွန်စက် တပ်ဆင်ထုတ်လုပ်မှု တိုးမြှင့်နိုင်ရန် ကျွမ်းကျင်သော လုပ်သားအင်အားနှင့် စက်ကိရိယာလိုအပ်ချက်များကို တင်ပြခဲ့ကြပါတယ်။

 

ဝန်ကြီးက လယ်ယာလုပ်သားရှားပါးလာမှုနှင့် ရာသီဥတုပြောင်းလဲလာမှုတို့ကြောင့် ရာသီအချိန်မီ စိုက်ပျိုးထုတ်လုပ်နိုင်ရန် လယ်ယာသုံးစက်ကိရိယာများ တွင်တွင်ကျယ်ကျယ် အသုံးပြုနိုင်ရေး လိုအပ်လျက်ရှိရာ ယင်းလိုအပ်ချက်များ ဖြည့်ဆည်းနိုင်ရေးအတွက် ပြည်တွင်းပုဂ္ဂလိက ရင်းနှီးမြုပ်နှံမှုနှင့် ပြည်ပရင်းနှီးမြုပ်နှံမှုများကို အားပေးလျက်ရှိတယ်လို့ ဆိုပါတယ်။

 

လက်ရှိလယ်ယာသုံး စက်ကိရိယာသင်တန်းကျောင်းများတွင် စက်မှုလက်မှု အထက်တန်း အောင်မြင်ပြီးသူများ၊ အခြေခံပညာအထက်တန်း သင်ယူပြီးဆုံးသူများကို နိုင်ငံတကာအသိအမှတ်ပြု လက်မှတ်ရကျွမ်းကျင်သူများ အများအပြား မွေးထုတ်ပေးနိုင်ရေးနှင့် အရည်အချင်းပြည့်မီသူများကို အစိုးရနည်းပညာသိပ္ပံနှင့် ဘွဲ့ကြိုသင်တန်းများသို့ ပေါင်းကူးသင်ယူနိုင်ရေး ဆောင်ရွက်ထားတယ်လို့ ပြောကြားပါတယ်။

 

ထို့နောက် ဝန်ကြီးနှင့်အဖွဲ့သည် သံရည်ကြိုပစ္စည်းများ စက်ခုတ်စားခြင်းနှင့် အင်ဂျင်တပ်ဆင်ရေး အလုပ်ရုံ၊ သံဂဟေ၊ ပုံဖိနှင့် လက်တွန်းထွန်စက် တပ်ဆင်ရေးအလုပ်ရုံ၊ သံဂဟေ၊ ပုံဖိနှင့် လက်တွန်း ထွန်စက်တပ်ဆင်ရေး အလုပ်ရုံ၊ ဂီယာ၊ ရှပ်များ စက်ခုတ်စားခြင်းနှင့် အမာတင်အလုပ်ရုံ၊ သံရည်ကြိုနှင့် ဂီယာအကြမ်း ပုံထောင်းအလုပ်ရုံ၊ ရိတ်သိမ်းခြွေလှေ့စက် တပ်ဆင်ရေးအလုပ်ရုံများကို ကြည့်ရှုစစ်ဆေးခဲ့ကြပါတယ်။

 

အင်းကုန်းစက်ရုံကို စက်မှုလယ်ယာဦးစီးဌာနက တာဝန်ယူခဲ့သည့် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်မှ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်အတွင်း လက်တွန်းထွန်စက်အစီး ၉၅၀၀ ကျော်၊ လက်ကိုင်ရှည် ထွန်စက်အစီး ၉၆၀၀ ကျော် ထုတ်လုပ်ခဲ့ပြီးဖြစ်ကြောင်း သိရပါတယ်။

 

ymg-mnn
#Yangon_Media_Group