#Local_News
Published_ 10 July 2022

 

အင်ဒိုနီးရှားနိုင်ငံတွင် ကျင်းပပြုလုပ်မယ့် (၁၁) ကြိမ်မြောက် အာဆီယံမသန်စွမ်းသူများ အားကစားပြိုင်ပွဲ၌ နိုင်ငံ့ဂုဏ်ဆောင်နိုင်သော အားကစားသမားများကို ဂုဏ်ပြုဆုများ ချီးမြှင့်ရန်စီစဉ်ထားပြီး အားကစားသမားများအတွက် မြန်မာ့လေကြောင်းစင်းလုံးငှား လေယာဉ်ဖြင့် သွားရောက်နိုင်ရန် ညှိနှိုင်းထားကြောင်း သိရပါတယ်။

 

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာဝန်ကြီးဦးမင်းသိန်းဇံ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တာဝန်ရှိသူများဟာ ယမန်နေ့နံနက် (၈) နာရီက ဒဂုံမြို့သစ် မြောက်ပိုင်းရှိ မြန်မာနိုင်ငံ မသန်စွမ်းအားကစားအဖွဲ့ချုပ်သို့ရောက်ရှိပြီး တာဝန်ရှိသူများနှင့် တွေ့ဆုံစဉ် ဝန်ကြီးကပြောကြားခဲ့တာ ဖြစ်ပါတယ်။

 

တွေ့ဆုံစဉ် မြန်မာနိုင်ငံမသန်စွမ်းအားကစားအဖွဲ့ချုပ်မှ ဒုတိယဥက္ကဋ္ဌ ဗိုလ်မှူးကြီး မျိုးမြင့်(ငြိမ်း)က ဇူလိုင် (၃၀) ရက်မှ သြဂုတ် (၆) ရက်အထိ အင်ဒိုနီးရှားနိုင်ငံ၊ ဆိုလိုမြို့တွင် ကျင်းပပြုလုပ်မယ့် အာဆီယံမသန်စွမ်းသူများ အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန် အတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားမှုကို ရှင်းလင်းတင်ပြခဲ့ပါတယ်။

 

ယင်းနောက် ပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်ရာတွင် ယူဆောင်သွားမယ့် အားကစား အထောက်အကူပြု ပစ္စည်းများကို ကြည့်ရှုခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က မြန်မာနိုင်ငံ မသန်စွမ်း အားကစားအဖွဲ့ချုပ်သို့ ငွေကျပ် (၁၅) သိန်း ထောက်ပံ့ပေးအပ်ခဲ့ပါတယ်။

 

ဆက်လက်၍ဝန်ကြီးသည် ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မယ့် အားကစားအဖွဲ့များကို သွားရောက်တွေ့ဆုံ အမှာစကားပြောကြားပြီး ထိုင်လျက်ဘော်လီဘော အားကစားသမားများ ယှဉ်ပြိုင်ကစားနေမှုကို ကြည့်ရှုအားပေးခဲ့ပါတယ်။

 

ymg-mnn
#Yangon_Media_Group