#Local_News
Published_ 10 July 2022

 

နိုင်ငံတော်၏ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU) ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံဆွေးနွေးပွဲ ဒုတိယနေ့ကို ဇူလိုင်၉ ရက် နံနက်ပိုင်းတွင် နေပြည်တော်၌ ဆက်လက်ကျင်းပခဲ့ပါတယ်။

 

တွေ့ဆုံဆွေးနွေးပွဲသို့ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ၊ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ခေါင်းဆောင် ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့်နှင့် အဖွဲ့ဝင်များ၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး (LDU)မှအထွေထွေအတွင်းရေးမှူး ကျောဆော်လမွန်နှင့် အဖွဲ့ဝင်များ တက်ရောက်ကြပါတယ်။

ဒုတိယနေ့ တွေ့ဆုံဆွေးနွေးပွဲတွင် ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း (၁/၂/၃) ပါ သဘောတူညီချက်များနှင့် ပတ်သက်၍လည်းကောင်း၊ အစိတ်အပိုင်း(၃)မှ ဆက်လက်ဆွေးနွေးရန် ကျန်ရှိသည့် ဇယား-၂ ပါ ဆွေးနွေးရန်အချက်များနှင့် ပတ်သက်၍လည်းကောင်း အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီမှ လေ့လာဆန်းစစ် ဖော်ထုတ်စိစစ်ရေးအဖွဲ့၏ တွေ့ရှိချက်များအား ညှိနှိုင်းရေး ကော်မတီဝင် ဒုတိယဗိုလ်ချုပ်ကြီး ဝင်းဗိုလ်ရှိန်က ရှင်းလင်းတင်ပြသည်။

 

ထို့နောက် ငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စများအား နှစ်ဖက်ဆွေးနွေး ညှိနှိုင်းကြပြီး ၃ ရက်တာ ဆွေးနွေးညှိနှိုင်းချက်များအရ သဘောတူညီချက်များကို အတည်ပြု လက်မှတ် ရေးထိုးခဲ့ကြပါတယ်။

 

ယင်းနောက် လားဟူဒီမိုကရက်တစ်အစည်းအရုံး(LDU) အထွေထွေအတွင်းရေးမှူး ဆော်လမွန်နှင့် နိုင်ငံတော်၏ ငြိမ်းချမ်းရေးဆွေးနွေးရေး အဖွဲ့ခေါင်းဆောင် ဒုတိယ ဗိုလ်ချုပ်ကြီးရာပြည့်တို့က နိဂုံးချုပ်အမှာစကားများပြောကြားခဲ့ကြောင်း သတင်းရရှိ ပါတယ်။

ymg-mnn
#Yangon_Media_Group