#Local_News
Published - 9 July 2022

 

မြို့ပြများတွင်ငလျင်လှုပ်ခတ်ပါက အထပ်မြင့်တိုက်နေ ပြည်သူများ စိုးရိမ်တကြီး ပြေးဆင်းခြင်းမျိုး မလုပ်သင့်ဘဲ နေအိမ်အဆောက်အဦးအတွင်းအခိုင်ခံ့ဆုံး၊ဘေးအကင်း ဆုံးနေရာတွင်နေထိုင်ကြရမည်ဟု မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ မြေငလျင်ဌာနခွဲ၊ဒုတိယညွှန်ကြားရေးမှူးဒေါက်တာယဥ်မျိုးမင်းထွေးက YMG ကို ပြောသည်၊၊

 

ရန်ကုန်ရှိ အထပ်မြင့်တိုက်ခန်းများတွင် နေထိုင်ကြသူများအနေဖြင့် တိုက်ခန်းအတွင်း အခိုင်ခံ့ဆုံး၊ဘေးအကင်းဆုံးနေရာများကို တတ်ကျွမ်းသော အင်ဂျင်နီယာများကို ပြသပြီး ကြိုတင် မှတ်သားထားသင့်သည်ဟု ဆိုသည်၊၊

 

"ကြိုတင်ပြင်ဆင်မှုအနေနဲ့ဆိုရင်တော့ မိမိနေထိုင်ရာ အိမ်မှာဆိုရင်လည်း ဘယ်နေရာ ကတော့လုံခြုံမှုရှိနိုင်သလဲ၊၊ ငလျင်လှုပ်ခတ်မှုကြောင့်အရာဝတ္ထုတွေ ပြုတ်ကျနိုင်တဲ့ ပြိုကျနိုင်မယ့်နေရာမျိုးတွေကိုရှောင်ရှားရမယ်၊၊ နောက် ခိုင်ခံ့တဲ့နေရာပေါ့နော်၊၊ခိုင်ခံ့တဲ့ နေရာတွေကိုတတ်ကျွမ်းတဲ့ အင်ဂျင်နီယာတွေကိုပြသပြီးကြိုတင်မှတ်သားထားသင့်တယ်၊၊အဲဒီ့နေရာတွေကို ပြသပြီးတော့မှတ်သားထားသင့်တယ်၊၊ မိမိ မိသားစုအတွင်းမှာ ဘယ်နေရာကတော့ ဘေးကင်းတဲ့နေရာ၊ ဘယ်နေရာတွေကတော့ အန္တရာယ်ရှိတဲ့နေရာ စတဲ့အဲဒီနေရာတွေပြသပြီးမှတ်သားထားသင့်တယ်၊၊ အထပ်မြင့်မှာနေတဲ့သူတွေအနေနဲ့ ငလျင်လှုပ်ရင် ရုတ်တရတ်ပြေးဆင်းတာမျိုးတွေမလုပ်သင့်ဘူး၊၊ အခိုင်ခံ့ဆုံးနေရာမှာနေတာ၊စားပွဲအောက်မှာနေတာတွေပြုလုပ်သင့်တယ်"လို့ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာယဥ်မျိုးမင်းထွေးကပြောသည်၊၊

 

ငလျင်လှုပ်ခတ်မှုသည် စက္ကန့်ပိုင်းမှ မိနစ်ပိုင်းအတွင်းသာကြာသည့်အတွက် အထပ်မြင့် နေပြည်သူများ လှေကားအိမ်များသို့ ပြေးဆင်းခြင်းမျိုးမပြုသင့်ဘဲ မိမိနေအိမ်၊တိုက်ခန်းများ အတွင်းတွင်သာ အခိုင်ခံ့ဆုံးနေရာ၊ ဘေးအကင်းဆုံးနေရာများ၊အရာဝတ္ထုပစ္စည်း များပြုတ်မကျနိုင်သော နေရာများတွင်နေထိုင်ကြရန် ဒေါက်တာယဥ်မျိုးမင်းထွေးက အကြံပြု ပြောကြားထားကြောင်း သိရသည်၊၊

 

Photo credit YGH
ymg/tthl
#Yangon_Media_Group