#Local_News
Published_ 7 July 2022

 

ထုတ်ပေးထားပြီးဖြစ်တဲ့ နိုင်ငံသားစိစစ်ရေးကတ် ဒေတာတွေပြုစုရေး၊ ဒေတာထဲ ထည့်သွင်းရေးတွေကို လူဦးရေ ၃၆၀၀ ကျော် ကွန်ပျူတာအလုံးရေ ၃၀၀၀ ကျော်နဲ့ ဧပြီ ၂၁ ရက်မှစ၍ ဆောင်ရွက်ခဲ့ရာ ဇွန် ၂၁ ရက်မှာ လက်ရေးမူနဲ့ထုတ်ပေးထားတဲ့ နိုင်ငံသား စိစစ်ရေးကတ် ၅၁ သန်းကျော်စာရင်းကို ကွန်ပျူတာဒေတာထဲသို့ ၂ လအတွင်း ထည့်သွင်းနိုင်ခဲ့တယ်ဟု နစက ဒု-ဥက္ကဋ္ဌကပြောကြားခဲ့ပါတယ်။

 

ရွေးကောက်ပွဲအတွက် မဲစာရင်းပြုစုရေးဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇူလိုင် ၆ ရက်မွန်းလွဲပိုင်းက နေပြည်တော်၌ပြုလုပ်ခဲ့ရာ နစက ဒု-ဥက္ကဋ္ဌ၊ ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ပြောကြားခဲ့ခြင်းဖြစ်ပါတယ်။

 

ဒုတိယအဆင့်အနေဖြင့် ပုံစံ ၆၆/၆ ပါ အချက်အလက်များအား ပုံစံ ၄ ရှိစာရင်းများ နှင့် တိုက်ဆိုင်စစ်ဆေးရမှာဖြစ်ပြီး ယင်းလုပ်ငန်းပြီးစီးမှသာ တိုင်းနှင့်ပြည်နယ်များ အပြန်အလှန်စစ်ဆေးခြင်းဆောင်ရွက်ရန် ရပ်ကွက်၊ ကျေးရွာများအလိုက် မြေပြင်ကွင်းဆင်း ဆောင်ရွက်ခြင်းများကို လုပ်ဆောင်ရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

 

မြေပြင်ကွင်းဆင်း စစ်ဆေးခြင်းအား တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စိစစ်ခြင်း ပြီးစီးမှသာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီက ဖွဲ့စည်းပေးထားတဲ့ National Data Base တွင် စာရင်းဇယားများ မှန်ကန်လုံခြုံစွာ ရောက်ရှိမှာဖြစ်ပါတယ်၊ အဆိုပါအချက် အလက်များကိုအသုံးပြု၍ သက်ဆိုင်ရာဌာနများအနေဖြင့် လိုအပ်တဲ့ အချက်အလက် စိစစ်ခြင်း လုပ်ငန်းများလျင်မြန်စွာ ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

 

ထို့ကြောင့် အဆင့်(၂)နှင့် အဆင့် (၃)ပါ လုပ်ငန်းစဉ်များကို အချိန်နှင့် တစ်ပြေးညီ စနစ်တကျ ဆက်လက်ဆောင်ရွက်ကြရမှာဖြစ်ပြီး သို့မှသာ လွတ်လပ်ပြီး မျှတသည့်ရွေးကောက်ပွဲ၊ မှန်ကန်သည့် ရွေးကောက်ပွဲ၊ စာရင်းအတိအကျ ရှိသော ရွေးကောက်ပွဲဖြစ်လာမှာ ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

 

ymg-mnn
#Yangon_Media_Group