#Local_News
Published _ 7 July 2022

 

နိုင်ငံခြားငွေလိုအပ်ချက်ကြောင့် ပြည်ပသို့တင်ပို့ခွင့်ပိတ်ထားသည့် ဆီထွက်သီးနှံများကို ပြန်လည်ခွင့်ပြုလိုက်ကြောင်း စီးပွားရေးနှင့်ကူးသန်းဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနမှ ထုတ်ပြန်ထားသည်။

 

စားသုံးဆီ အဓိကတင်ပို့သည့် အင်ဒိုနီးရှားနိုင်ငံက တင်ပို့မှုရပ်ဆိုင်းလိုက်သောကြောင့် လယ်ယာထွက်ကုန်ပစ္စည်းများဖြစ်သည့် နှမ်းနက်မှလွဲ၍ မြေပဲနှင့် နှမ်းများအား မေလ ၉ ရက်မှစတင်ပြီး ပြည်ပနိုင်ငံများထံ တင်ပို့ရောင်းချခွင့် ရပ်ဆိုင်းခဲ့ရသည်။

 

ယခု ပြည်ပနိုင်ငံများထံမှ စားသုံးဆီ ပုံမှန်တင်သွင်းခွင့်ရနေပြီး ဆီထွက်သီးနှံအုပ်စုဝင်ဖြစ်သည့် မြေပဲနှင့် နှမ်းများကို ပြည်ပသို့ ပြန်လည်တင်ပို့ခွင့်ပြုကြောင်း ကုန်သွယ်ရေးဦးစီးဌာနမှ ဆိုထားသည်။

 

ပင်လယ်ရေကြောင်းမှတစ်ဆင့် ဆီထွက်သီးနှံတင်ပို့သည့်အခါ ဒေါ်လာဖြင့် ရောင်းရသော်လည်း နယ်စပ်တွင် ရောင်းချသည့်အခါ ဘတ်နှင့် ယွမ်များ ဖြစ်နေသောကြောင့် တစ်ပြေးညီတည်းဖြစ်စေရန် ပြုလုပ်ခြင်းဖြစ်ကြောင်း သိဏသည်။

 

ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ဆန်၊ ပဲ၊ ပြောင်းများအား ပြည်ပနိုင်ငံများထံ နယ်စပ်မှတစ်ဆင့် တင်ပို့ရောင်းချမှုတွင် အမေရိကန်ဒေါ်လာတစ်မျိုးတည်းသာ တင်ပို့ခွင့်ပြုရေး ဆောင်ရွက်သွားရန် ကြိုးပမ်းနေကြောင်း သိရသည်။

 

ယခင် တရုတ်နှင့် ထိုင်းနယ်စပ်ကုန်သွယ်ရေးတွင် ယွမ်နှင့်ဘတ်ငွေများကို မြန်မာကျပ်ဖြင့် တိုက်ရိုက်အသုံးပြုပေးချေရန် ညွှန်ကြားခဲ့သော်လည်း ယခုလို ပြောင်းလဲသတ်မှတ်လိုက်ခြင်းဟာ ဒေါ်လာ လိုအပ်ချက်များနေခြင်းကြောင့်ဟု သိရသည်။

 

ပြီးခဲ့သည့် ဇူလိုင်လ ၁ ရက်တွင် ပြောင်း၊ ပဲစသည့် ဆီထွက်သီးနှံများ အပါအဝင် လယ်ယာထွက်ကုန်ပစ္စည်းများအား နယ်စပ်တွင် တင်ပို့ရောင်းချလျင် လိုင်စင်ကြေးအဖြစ် ဒေါ်လာ ၃၁၀ ကောက်ခံခဲ့သော်လည်း ယခုတစ်တန်လျင် ၃၆၀ ဒေါ်လာအထိ တိုးမြှင့်သတ်မှတ်ထားကြောင်း ယင်းမှ သိရသည်။

 

ymg/NN
#Yangon_Media_Group