#Local_News
Published_6 July 2022

 

အိန္ဒိယ-မြန်မာ နယ်စပ်ကုန်သွယ်ရေးစခန်းများ ပြန်ဖွင့်ရန် ဆွေးနွေးမှုစတင်နေကြောင်း တမူးနယ်စပ်ကုန်သွယ်ရေးအသင်း တာဝန်ရှိသူက ပြောသည်။

 

အိန္ဒိယနှင့် မြန်မာနိုင်ငံကြားတွင် တမူးကုန်သွယ်ရေးစခန်း၊ ရိဒ်ကုန်သွယ်ရေးစခန်း၊ သာနီတာလန်စခန်းဟူ၍ ရှိပြီး လွန်ခဲ့သော ကိုဗစ်ကပ်ရောဂါ ပြင်းထန်သည့်ကာလကပင် ရပ်တန့်နေခဲ့သည့် နယ်စိပ်ဂိတ်များ ဖြစ်ကြောင်း သိရသည်။

 

"အရင်ကလည်း ဆွေးနွေးနေတာပဲ၊ ကိုဗစ်ကိုချည်း အကြောင်းပြနေလိုတော့ ကုန်သွယ်မှုတွေ နှောင့်နှေးမယ်။ တရားမဝင် ကုန်ကူးသန်းရောင်းဝယ်မှုတွေ ပိုပြီး ကြီးထွားလာမယ်။ ဒါကြောင့် အမြန်ဖွင့်ဖို့ လိုနေပါတယ်၊ ကျွန်တော်တို့ တမူးဂိတ်က အရင်ဆုံး ဖွင့်နိုင်တယ်လို့ ယူဆပါတယ်"ဟု တမူးနယ်စပ်ကုန်သွယ်ရေးအသင်းတာဝန်ရှိသူက ပြောသည်။

 

အဆိုပါ နယ်စပ်ဂိတ်များမှ ကွမ်းသီး၊ ငရုပ်ကောင်း၊ ပဲမျိုးစုံ၊ ကြက်သွန်ဖြူစသော လယ်ယာထွက်ကုန်များကို မြန်မာနိုင်ငံမှတင်ပို့ကာ အိန္ဒိယဘက်မှ မော်တော်ဆိုင်ကယ်၊ အပိုပစ္စည်း၊ ဝါဂွမ်း၊ ဂျုံ၊ ဓါတ်မြေသြဇာ၊ ပလတ်စတစ်ကုန်ကြမ်း စသည်တို့ကို တင်သွင်းကြောင်း သိရသည်။

 

အိန္ဒိယ-မြန်မာ နယ်စပ်ကုန်သွယ်ရေးအတွက် အိန္ဒိယရူပီးငွေကို အသုံးပြုရန် မြန်မာနိုင်ငံက စဉ်းစားနေကြောင်း ပြီးခဲ့သည့် မတ်လအတွင်းက ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန၏ အရာထမ်းတစ်ဦးက မီဒီယာများအား ပြောကြားဖူးသေးသည်။

 

ကိုဗစ်ကြောင့် ကုန်သွယ်မှုများကို ပိတ်ထားသော်လည်း မြန်မာ-အိန္ဒိယ နှစ်နိုင်ငံနယ်စပ်ဂိတ်များအနက် တမူး - မိုရေးနယ်စပ်ကုန်သွယ်ရေးစခန်းမှ ဂိတ် (၁) နှင့် ဂိတ် (၂) တို့ကို ကိုဗစ်ကာကွယ်ဆေးနှင့် အခြားဆေးဝါးတင်သွင်းနိုင်ရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ဖွင့်လှစ်ထားခဲ့သေးကြောင်း သိရသည်။

 

ymg/nn
#Yangon_Media_Group