#Local_News
Pulished _ 6 July 2022

 

ထိုင်းနိုင်ငံ၌ရောက်ရှိနေသော မြန်မာနိုင်ငံသားများအနေဖြင့် နိုင်ငံကူးလက်မှတ်သက်တမ်းကုန်ဆုံးလျှင် မြန်မာနိုင်ငံတွင် ပြန်လည်လျှောက်ထားရမည်ဟု ထွက်ပေါ်နေသောသတင်းကြောင့် နိုင်ငံကူးလက်မှတ်ကို သက်တမ်းတိုးလုပ်ငန်းကို ထိုင်းနိုင်ငံရှိ မြန်မာသံရုံး၌သာ လက်ခံဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ထုတ်ပြန်လိုက်သည်။

 

ပြည်ပရောက် မြန်မာနိုင်ငံသားများအနေဖြင့် ၎င်းတို့၏ နိုင်ငံကူးလက်မှတ်များ သက်တမ်းကုန်ဆုံးသွားပါက သက်တမ်းတိုးလျှောက်ထားခြင်းလုပ်ငန်းကို မြန်မာနိုင်ငံ၌ ပြန်လည်လျှောက်ထားရမည်ဟု ဆိုရှယ်မီဒီယာနှင့် လူမှုကွန်ရက် စာမျက်နှာများတွင် ရေးသားဖော်ပြနေကြကြောင်း၊ အဆိုပါ သတင်းမှာ မဟုတ်မှန်ကြောင်းနှင့် သက်တမ်းတိုးလုပ်ငန်းကို ပုံမှန်အတိုင်း လက်ခံဆောင်ရွက်ပေးနေကြောင်း ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးက ထုတ်ပြန်ထားသည်။

 

ဗန်ကောက်မြို့ရှိ မြန်မာသံရုံးတွင် ထိုင်းနိုင်ငံ၌ အလုပ်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသားများ ကိုင်ဆောင်သည့် PJ အမျိုးအစား နိုင်ငံကူးလက်မှတ်များ၊ ပြည်ပ၌ ပညာသင်ကြားလျက်ရှိသည့် မြန်မာနိုင်ငံသား ကျောင်းသားများ ကိုင်ဆောင်သည့် PE အမျိုးအစား နိုင်ငံကူးလက်မှတ်များ၊ ပြည်ပ၌ ပညာသင်ကြားလျက်ရှိသည့် မြန်မာသံဃာတော်များ ကိုင်ဆောင်သည့် PR အမျိုးအစား နိုင်ငံကူးလက်မှတ်များ၊ ထိုင်းနိုင်ငံတွင် မှီခိုဗီဇာဖြင့် နေထိုင်လျက်ရှိသည့် မြန်မာနိုင်ငံသားများ ကိုင်ဆောင်သည့် PT အမျိုးအစား နိုင်ငံကူးလက်မှတ်များနှင့် မြန်မာနိုင်ငံသား သင်္ဘောသားများ ကိုင်ဆောင်သည့် PS အမျိုးအစား နိုင်ငံကူးလက်မှတ်များကို လက်ခံဆောင်ရွက်ပေးနေကြောင်း သိရသည်။

 

သံရုံး၌ ကြိုတင်ရက်ချိန်းရယူပြီးပါက နိုင်ငံကူးလက်မှတ်များ၏ သက်တမ်းတိုးခြင်း လုပ်ငန်းများကိုနေ့ချင်းပြီး ဆောင်ရွက်ပေးလျက်ရှိကြောင်းလည်း အဆိုပါသံရုံးက အသိပေးထားကြောင်းသိရသည်။

 

ymg/NN
#Yangon_Media_Group