#Local_News
Published_5 July 2022

 

ဒေါ်အောင်ဆန်းစုကြည်ရင်ဆိုင်နေရသော အဂတိအမှုများအနက် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမြေနေရာနှင့် ပတ်သက်သည့်အမှုကို ယနေ့ ဇူလိုင်လ ၅ ရက်တွင် နေပြည်တော်အချုပ်ထောင်တွင်း တရားရုံး၌ ဆက်လက်စစ်ဆေးခဲ့ရာ
အပြစ်မရှိဟု ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ထွက်ဆိုသွားကြောင်း တရားရုံးနှင့်နီးစပ်သူများက ပြောသည်။

 

ယင်းအမှုမှာရာကြီးအမှတ် ၄ အမှုဖြစ်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ နေပြည်တော်မြို့တော်ဝန်ဟောင်း ဒေါက်တာမျိုးအောင်၊ နေပြည်တော်ဒုမြို့တော်ဝန်ဟောင်း ဦးရဲမင်းဦးတို့ကိုလည်း စစ်ဆေးခဲ့ကြောင်း၊ စစ်ဆေးမှုအရ နောက်ထပ် ဦးရဲမင်းဦးကို စစ်ဆေးရန် ကျန်နေသေးကြောင်း သိရသည်။

 

ပြီးခဲ့သည့် ဇွန်လ ၂၉ ရက်ကလည်း ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်အချုပ်ထောင်တွင်းတရားရုံးအတွင်း ဒေါ်အောင်ဆန်းစုကြည်၊ ဒေါက်တာမျိုးအောင်နှင့် အစိုးရအဖွဲ့ရုံးဝန်ကြီး ဦးမင်းသူတို့ စစ်ဆေးခဲ့ရာ ယင်းတို့အားလုံးက
အပြစ်မရှိဟု ကိုယ်တိုင်ထွက်ဆိုခဲ့ပြီး ဖြစ်ကြောင်းသိရသည်။

 

နစက အနေဖြင့် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ တစ်ရက်မှ ယခုအချိန်ထိ အမှုပေါင်း ၂၀ ထက်မနည်း တရားစွဲဆိုခံထားရသော ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် အမှု ၆ မှုအတွက် ထောင်ဒဏ် ၁၁ နှစ် ကျခံရန် အမိန့်ချထားရပြီးလည်း ဖြစ်ကြောင်း သိရသည်။

 

ymg/mt
#Yangon_Media_Group