Published_ 5 July 2022

 မုတ်သုန်ရာသီကာလ ရာသီဥတုဆိုးရွားနေသည့်ကြားမှ စစ်နည်းဗျူဟာအဆင့် ရေပေါ်ရေအောက် ပူးပေါင်းစစ်ဆင်မှုလေ့ကျင့်ခန်း (Sea Shield-2022) ကို တပ်မတော် (ရေ)မှ တိုက်ခိုက်ရေး ရေငုပ်သင်္ဘော စစ်ရေယာဉ် (မင်းရဲသိင်္ခသူ)နှင့်(မင်းရဲကျော်ထင်) အပါအဝင် စစ်ရေယာဉ် ၂၀ စီးဖြင့် အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရပါတယ်။

နစကဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် မြန်မာ့ရေပိုင်နက် ရခိုင်ကမ်းရိုးတန်းရေပြင်အတွင်း တပ်မတော်(ရေ)မှတိုက်ခိုက်ရေး ရေငုပ်သင်္ဘောစစ်ရေယာဉ် (မင်းရဲသိင်္ခသူ)နှင့်(မင်းရဲကျော်ထင်) အပါအဝင် စစ်ရေယာဉ် များ၊ ရဟတ်ယာဉ်များဖြင့် စစ်နည်းဗျူဟာအဆင့် ရေပေါ်ရေအောက် ပူးပေါင်း စစ်ဆင်မှု လေ့ကျင့်ခန်း(Sea Shield -2022)လေ့ကျင့် ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးခဲ့ပါတယ်။

နစကဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က နိုင်ငံတော်ရဲ့ ပိုင်နက်နယ်မြေ အားလုံးကို ကာကွယ်စောင့်ရှောက်ရန် တပ်မတော်ဟာ အဓိကအခန်းကဏ္ဍမှ ပါဝင် နေတဲ့ အတွက် လုံခြုံရေးအသိ၊ လုံခြုံရေးသတိ အမြဲရှိနေရမှာ ဖြစ်ကြောင်း၊ ရေတပ်လေ့ကျင့်ခန်း များကို ၂၀၀၉ ခုနှစ်တွင်ရေပြင်ဝေဟင် ပူးပေါင်းစစ်ဆင်ရေး လေ့ကျင့်ခန်းအဖြစ် စတင် လေ့ကျင့်ခဲ့ပြီး တစ်နှစ်ထက်တစ်နှစ် တိုးတက်ကောင်းမွန်လာခဲ့ သည်ကို တွေ့ရှိရကြောင်း၊ ယခင်နှစ်က တိုက်ခိုက်ရေးရေငုပ်သင်္ဘော စစ်ရေယာဉ် တစ်စီးသာ ပါဝင်နိုင်ခဲ့သော်လည်း ယခုလေ့ကျင့်ခန်းမှာ အမျိုးအစားမတူ ရေငုပ်သင်္ဘော နှစ်စီးအထိ ပါဝင်လေ့ကျင့်နိုင်ခဲ့တဲ့ အတွက် ကြီးမားတဲ့လေ့ကျင့်ရေး အတွေ့အကြုံတွေကို ရရှိနိုင်မှာဖြစ်တယ်လို့ ဆိုပါတယ်။

လက်ရှိတွင် တပ်မတော်(ရေ)ကို ပထမအဆင့်အနေဖြင့်မြန်မာ့ ပင်လယ်ပြင် သီးသန့်စီးပွားရေးဇုန်ကို အပြည့်အဝကာကွယ်နိုင်ရေး သုံးဘက်မြင် စစ်ဆင်နိုင်စွမ်းရှိတဲ့ တိုက်ပွဲဝင်အသင့် ရေတပ်အဖြစ် မျှော်မှန်းဆောင်ရွက်နေတယ်လို့ ပြောကြားခဲ့ပါတယ်။

လေ့ကျင့်ခန်းဆောင်ရွက်ရာတွင် VBSS လေ့ကျင့်ခန်းအနေဖြင့် စစ်ရေယာဉ်များ လေ့ကျင့်ခန်းဧရိယာသို့ ခုတ်မောင်း နေစဉ် မြန်မာ့ရေပိုင်နက်အတွင်း ရောက်ရှိဖြတ်သန်း ခုတ်မောင်းနေသည့် သံသယဖြစ်ဖွယ် ပြည်ပကုန်သွယ်ရေယာဉ် တစ်စီးအား ထောက်လှမ်း တွေ့ရှိသဖြင့် စစ်ရေယာဉ် (မုတ္တမ)မှ ROE အရ ရေယာဉ်ဆိုင်ရာ အချက်အလက်များ မေးမြန်းခြင်းနှင့် ရပ်တန့်အစစ်ဆေးခံရန် ဆက်သွယ်ဆောင်ရွက်ခဲ့ရာ ရပ်တန့်မှုမရှိသဖြင့် တက်ရောက်၊ စီးနင်း၊ ရှာဖွေ၊ ဖမ်းဆီးမှု Procedure များအတိုင်း လေ့ကျင့်ခဲ့ကြပါတယ်။

ဆက်လက်ပြီး လေ့ကျင့်ခန်းအစီအစဉ်အတိုင်း ဖရီးဂိတ်စစ်ရေယာဉ် (ဆင်ဖြူရှင်) နှင့် ဖရီးဂိတ်စစ်ရေယာဉ်(ကျန်စစ်သား)တိုမှ ရေငုပ်သင်္ဘောအား ပူးပေါင်းထောက်လှမ်း ရှာဖွေခြင်း လေ့ကျင့်ခန်း CASEX A-2 အား ဆောင်ရွက်ခဲ့ပါတယ်။

ထိုနောက် ရေပြင်ရန်ကာကွယ်ရေး စစ်ဆင်မှုဇုန်အတွင်း ရန်သူ့ရေပြင်ရန် ပစ်မှတ်များအား ပစ်ခတ်တိုက်ခိုက်ချေမှုန်းရန်အတွက် မိမိရေယာဉ်အုပ်အား Battle Line Formation သို ပြောင်းလဲခုတ်မောင်းခြင်းများဆောင်ရွက်ပြီး ရေတပ်အမြောက်ကြီးများ၊ စက် သေနတ်ကြီးများဖြင့် ရန်သူ့ရေပြင်ပစ်မှတ်များအား အပြီးတိုင်ပစ်ခတ်တိုက်ခိုက် ချေမှုန်းခြင်း လေ့ကျင့်ခန်းကို ဆောင်ရွက်ခဲ့ပါတယ်။

နောက်ဆက်တွဲ လေ့ကျင့်ခန်းများအနေဖြင့် တိုက်ပွဲပြီးပြန်လည်သုံးသပ်ခြင်း (Battle Damage Assessment) လေ့ကျင့်ခန်း၊ ပင်လယ်ပြင်ထောက်ပံ့ဖြည့်တင်းခြင်း (RAS) လေ့ကျင့်ခန်း၊ မီးငြိမ်းသတ်ခြင်းနှင့်ပျက်စီးထိန်းလုပ်ငန်းများဆောင်ရွက်ခြင်း (Fire Fighting and Damage Control) လေ့ကျင့်ခန်း၊ ရှာဖွေကယ်ဆယ်ရေး ဆောင်ရွက်ခြင်း(Search and Rescue) လေ့ကျင့်ခန်း၊ ပင်လယ်ပြင်တွဲဆွဲခြင်း(Towing) လေ့ကျင့်ခန်းများကို ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါတယ်။

ymg-mnn

#Yangon_Media_Group