#Local_News
Published_4 July 2022

 

ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ (၅)ရပ်ကွက်၊ ပတ္တမြားလမ်းတွင် ယနေ့ နံနက် ၁၀ နာရီ ၁၀ မိနစ်ခန့်က ဖြစ်ပွားခဲ့သော ဆောက်လက်စတိုက်ပြိုကျမှုကြောင့်၇ ဦးဒဏ်ရာရသည့်အနက် နှစ်ဦးမှာ စိုးရိမ်ရကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က သိရသည်။

 

"မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်အနေနဲ့ ရှာဖွေကယ်ဆယ်ရေးယာဉ်တွေနဲ့ ရှာဖွေကယ်ဆယ်ရေး(အထူး)တပ်ဖွဲ့ဝင်တွေက လုပ်ဆောင်ခဲ့ပါတယ်။ ရွှေပြည်သာမြို့နယ် မီးသတ်စခန်းကလည်း ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်တွေ သွားရောက်ခဲ့ကြပါတယ်။ ရပ်ကွက်ဒေသခံတွေ နဲ့ We Love Care လူမှုကူညီရေးအသင်းကလည်း ကူညီမှုတွေ လုပ်ခဲ့ပါတယ်"ဟု မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့တာဝန်ရှိသူကပြောသည်။

 

ပြိုကျခဲ့သည်မှာ ဆောက်လုပ်ဆဲ (၂၀x၆၀) ပေ Steel Structure (၂) ထပ် အဆောက်အဦ၏ အနောက်ဘက်အခြမ်း ပေ(၂၀)ခန့်ဖြစ်ပြီး ယင်းကြောင့် ဆောက်လုပ်ရေးလုပ်ငန်းလုပ်ကိုင်နေသော ကျား(၆)ဦး၊ မ(၁)ဦး စုစုပေါင်း(၇)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ အဆိုပါ ထိခိုက်ဒဏ်ရာရှိသူ (၇)ဦးအား ပတ်ဝန်းကျင်နေ ပြည်သူများမှ ကူညီကယ်ဆယ်ခဲ့ပြီး ကျား(၁)ဦး၊ မ(၁)ဦး (စိုးရိမ်ရ) အား အင်းစိန်ပြည်သူ့ဆေးရုံသို့လည်းကောင်း၊ ကျန် ကျား(၅)ဦး (မစိုးရိမ်ရ)အား ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့လည်းကောင်း We Love Care လူမှုကူညီရေးအသင်းမှ သူနာတင်ယာဉ်ဖြင့် ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

 

ymg/mt
#Yangon_Media_Group