#Local_News
Published_4 July 2022

 

မြန်မာနိုင်ငံက နိုင်ငံရေးပြန်လည်သင့်မြတ်ရေး စဉ်ဆက်မပြတ် တွန်းအားပေးဖော်ဆောင်ရန်အတွက် တရုတ်နှင့် အာဆီယံ ပူးတွဲလုပ်ဆောင်ရန် မျှော်လင့်ကြောင်း တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး Mr. Wang Yi ကပုဂံမြို့၌ ကျင်းပနေသည့် လန်ချန်း-မဲခေါင် အစည်းအဝေးအတွင်း ဆွေးနွေးခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ထုတ်ပြန်ထားသည်။

 

ယင်းဆွေးနွေးပွဲတွင် တရုတ်နိုင်ငံ၏ မြန်မာနိုင်ငံအပေါ်ထားရှိသည့် မျှော်လင့်ချက်သုံးချက်ရှိပြီး ယင်းကိုထည့်သွင်းဆွေးနွေးစဉ် အထက်ပါအတိုင်း ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။

 

ပထမအချက်အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဥပဒေမူဘောင်များအောက်၌ မြန်မာနိုင်ငံက နိုင်ငံရေးပြန်လည်သင့်မြတ်ရေး စဉ်ဆက်မပြတ် တွန်းအားပေးဖော်ဆောင်ရန်အတွက် တရုတ်နှင့် အာဆီယံ ပူးတွဲလုပ်ဆောင်ရန် မျှော်လင့်ကြောင်း၊ မြန်မာနိုင်ငံရှိ အဖွဲ့အစည်းအသီးသီးက နိုင်ငံ၏အခင်းအကျင်းနှင့် ပြည်သူလူထု အကျိုးစီးပွားကို အလေးထားပြီး ဆင်ခြင်တုံတရားနှင့် လက်တွေ့ကျမှု၊ အပြန်အလှန် နားလည်သည်းခံမှုများဖြင့် ဘက်ပေါင်းစုံ၏ ကျိုးကြောင်းဆီလျော်သော တောင်းဆိုချက်များကို ထည့်သွင်းစဉ်းစားကာ တည်ငြိမ်အေးချမ်းရေးကို ဆောလျင်စွာ ဖော်ဆောင်ကြရန် အားပေးသည့်ကိစ္စဖြစ်ကြောင်း သိရသည်။

 

ဒုတိယအချက်မှာ မြန်မာနိုင်ငံ၏ ဒီမိုကရေစီအသွင်ကူးပြောင်းရေးလုပ်ငန်းစဉ် ပြန်လည်စတင်ပြီး တိုင်းပြည်အာဏာကို ပြည်သူများထံ ပြန်လည်အပ်နှင်းရေး မျှော်မှန်းချက် အကောင်အထည်ဖော်ရန်အတွက် တရုတ်နှင့် အာဆီယံ အတူတွန်းအားပေးကာ မြန်မာနိုင်ငံအခြေအနေနှင့် ကိုက်ညီသော၊ မြန်မာ့ဝိသေသလက္ခဏာဆောင်သော နိုင်ငံရေးဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်းကို ရှာဖွေနိုင်ရန် မျှော်လင့်သည့်အချက်ဖြစ်ကြောင်း သိရသည်။

 

တတိယအချက်အနေဖြင့် အာဆီယံက “အာဆီယံနည်းလမ်း” ကို လက်ကိုင်စွဲ၍ ပြည်တွင်းရေး ဝင်ရောက်စွက်ဖက်မှုမရှိရေး၊ ပေါင်းစပ်ညှိနှိုင်းရေးဟူသော အခြေခံမူနှင့် အစဉ်အလာများကို ခိုင်မြဲစေကာ တည်တည်ငြိမ်ငြိမ်နှင့် နှောင့်ယှက်မှုများကို ဖယ်ရှားပြီး စိတ်ရှည်လက်ရှည် ညှိနှိုင်းခြင်းဖြင့် အာဆီယံ၏ “တူညီဆန္ဒငါးရပ်”(five-point consensus)ကို အပြုသဘောဆောင်စွာ အကောင်အထည် ဖော်ရင်း အာဆီယံ၏ ပြီးပြည့်စုံသော စည်းလုံးညီညွတ်မှုနှင့် ဦးဆောင်မှုအခန်းကဏ္ဍကို ထိန်းသိမ်းရန် မျှော်လင့်ထားသည့်အကြောင်းကို Mr. Wang Yi က ဆွေးနွေးခဲ့ခြင်း ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် (၇) ကြိမ်မြောက် လန်ချန်း - မဲခေါင် ပူးပေါင်းဆောင်ရွက်မှု အစည်းအဝေး (LMC) ကို ယူနက်စကိုဝင် ရှေးဟောင်းမြို့တော် ပုဂံမြို့၌ ဇူလိုင်လ ၂ ရက်မှ ၅ ရက်ထိ ကျင်းပနေခြင်းဖြစ်ကြောင်း သိရသည်။

 

ymg/mt
#Yangon_Media_Group