#Local_News
Published_ 2 July 2022

 

ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ ပုံမှန်အစည်းအဝေးတွင် မြန်မာနိုင်ငံဆိုင်ရာ အထူး အစီရင်ခံစာတင်သွင်းသူ၏ နှုတ်ဖြင့်အစီရင်ခံတင်ပြမှုအပေါ် အပြန်အလှန် ဆွေးနွေးမှုအား နစက မှ ဇွန် ၃၀ ရက်တွင် တုံပြန်ချက် ထုတ်ပြန်ထားပါတယ်။

 

ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ၏ အကြိမ်(၅၀)မြောက် ပုံမှန်အစည်းအဝေး ကာလအတွင်း ၂၉-၆-၂၀၂၂ ရက်တွင် မြန်မာနိုင်ငံဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူ၏ နှုတ်ဖြင့် တင်သွင်းသည့်အစီရင်ခံစာသည် တစ်ဖက်သတ် သတင်းအချက်အလက်များနှင့် ဘက်လိုက်စွာ ပုံဖော်သောဇာတ်လမ်းများကို အခြေခံထားတယ်လို့ ဆိုပါတယ်။

 

အထူးအစီရင်ခံစာတင်သွင်းသူ၏ တင်ပြချက်တွင် အကြမ်းဖက်အဖွဲ့အစည်း ဖြစ်သည့် CRPH ၊ NUG နှင့် PDFs တို့၏ သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ပြည်သူ ၃,၀၀၀ နီးပါး ၏ အသက်ဆုံးရှုံးခဲ့ရမှုများကို ဖော်ပြထားခြင်းမရှိသည်ကို စိတ်ပျက်ဖွယ်တွေ့ရှိရပါတယ်။

 

PDF အကြမ်းဖက်အဖွဲ့များသည် အကြမ်းဖက်မှုများ ကျူးလွန်ကြောင်း ငြင်းဆို၍ မရနိုင်သော သက်သေများ ရှိသော်လည်းအထူးအစီရင်ခံစာ တင်သွင်းသူအနေဖြင့် အဆိုပါ အချက်အလက်များနှင့် သက်သေများကိုဖော်ပြရန် ရည်ရွယ်ချက်ရှိရှိ ပျက်ကွက်ခဲ့တယ်လို့ ဆိုပါတယ်။

 

ထို့အပြင် NUG တွင် ၎င်းတို့၏ အစီအစဉ်ကိုမထောက်ခံသူများနှင့် လိုက်ပါ ဆောင်ရွက်မှု မရှိသူများအား “လုပ်ကြံသတ်ဖြတ်မည့်စာရင်း”ရှိကြောင်း ကျယ်ပြန့်စွာ သတင်းများထွက်ပေါ် လျက်ရှိသည်။ ယင်းကိစ္စကိုပြည်တွင်းနှင့် နိုင်ငံတကာ မီဒီယာများတွင် ရေးသားခဲ့ကြသည်။ အထူးအစီရင်ခံစာတင်သွင်းသူ၏ အစီရင်ခံစာများတွင် မြန်မာနိုင်ငံအစိုးရအပေါ် အခြေအမြစ်မရှိသော စွပ်စွဲချက်များ ထည့်သွင်းဖော်ပြထားသော်လည်းအဆိုပါ “လုပ်ကြံသတ်ဖြတ်မည့်စာရင်း” ကိစ္စနှင့်စပ်လျဉ်း၍ မည်သည့်အခါကမျှ ဖော်ပြခြင်းမရှိခဲ့ဘဲ အပြစ်မဲ့အရပ်သားများစွာမှာသတင်းပေးအဖြစ် စွပ်စွဲခံခဲ့ရပြီး ပစ်မှတ်ထားသတ်ဖြတ်ခံရလျက်ရှိတယ်လိုဆိုပါတယ်။

 

ထို့ပြင် မြန်မာနိုင်ငံသည် လွတ်လပ်၍ အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်နိုင်ငံ ဖြစ်သည့် အားလျော်စွာ လက်ရှိအစိုးရအနေဖြင့် ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဉပဒေမှ အပ်နှင်းထားသည့် အခွင့်အာဏာကိုအပြည့်အဝ ကျင့်သုံးပိုင်ခွင့်ရှိသည်။

 

သေဒဏ်ချမှတ် စီရင်ခံရသူတစ်ဉီးချင်းစီမှာ အပြစ်မဲ့ပြည်သူများအား အကြောက်တရားကြီးစိုးရေးနှင့် တည်ငြိမ်ရေးကို ပျက်ပြားစေရန် လုပ်ကြံသတ်ဖြတ်မှုအနည်းဆုံး ၅၀ ကိုကျူးလွန်ရာတွင် အဓိကကြိုးကိုင်စီစဉ်သူများအဖြစ် ပြစ်မှုထင်ရှားသဖြင့် အမိန့်ချမှတ်ခံရခြင်းဖြစ်ပါတယ်။

 

အထူးအစီရင်ခံစာ တင်သွင်းသူသည် အခြားကုလသမဂ္ဂဝန်ထမ်းများက ရည်ညွှန်း ကိုးကားခြင်းမရှိသော လက်နက်ကိုင်အဖွဲ့များနှင့် ဆက်စပ်သည့် အဖွဲ့အစည်းများနှင့် အစိုးရဆန့်ကျန်ဘက် မီဒီယာများကိုကိုးကားခဲ့ကြောင်း ဖော်ပြထားပါတယ်။

 

ကျောင်းဖွင့်ပြီး တစ်လမပြည့်မီပင် PDF အကြမ်းဖက်အဖွဲ့များကဆရာ/ဆရာမ ၆ ယောက်ကို သတ်ဖြတ်ခဲ့ပြီးကျောင်း ၂၁ ကျောင်းကိုတိုက်ခိုက်ခဲ့သည်။ PDF အမည်ခံ အဖွဲများကြောင့် လက်ရှိအချိန်အထိပညာရေးဝန်ထမ်း ၄၃ ဉီးသေဆုံးခဲ့ရပြီး ကျောင်း ၅၄၈ ကျောင်းတိုက်ခိုက်ခံခဲ့ရတယ်လို့ ဆိုပါတယ်။

 

အထက်ပါ အကြောင်းအရာများနှင့် ၎င်း၏နိုင်ငံရေးသက်ဝင်သည့် သုံးသပ်ချက် များကြောင့် မြန်မာအစိုးရအနေဖြင့် အထူးအစီရင်ခံစာတင်သွင်းသူ၏ နှုတ်ဖြင့် အစီရင်ခံစာ တင်ပြမှုကိုပြတ်သားစွာ ကန့်ကွက်ပယ်ချလိုက်ပြီး နိုင်ငံရေးမသွတ်သွင်းခြင်းနှင့် အချုပ်အခြာ အာဏာပိုင်နိုင်ငံတစ်နိုင်ငံ၏ ပြည်တွင်းရေးကိုဝင်ရောက်စွက်ဖက်မှု မပြုခြင်းစတဲ့ အခြေခံမူများကိုလိုက်နာရန် အထူးအစီရင်ခံစာတင်သွင်းသူကို တိုက်တွန်းသည် ဟု ဖော်ပြပါရှိပါတယ်။

 

ymg-mnn
#Yangon_Media_Group