#Local_News
Published - 2 July 2022

 

အမြန်ရထားလက်မှတ်ခ စျေးနှုန်းများကို ဇူလိုင် ၁ ရက် မှစ၍ တိုးမြှင့်သတ်မှတ်လိုက်ကြောင်း မြန်မာ့မီးရထားမှ သိရသည်။

 

ယခင်က ရန်ကုန် - မန္တလေး အမြန်ရထား လက်မှတ်ခ ရိုးရိုးတန်း တစ်စောင်လျှင် ကျပ် ၄၆၅၀၊ အထက်တန်း ကျပ် ၉၃၀၀ ၊ အိပ်စင်ပါလက်မှတ်ခ ကျပ် ၁၃၀၀၀ ဖြစ်ပြီး ဇူလိုင် ၁ ရက်မှစ၍ ရိုးရိုးတန်း ကျပ် ၇၇၅၀၊ အထက်တန်း ကျပ် ၁၅၄၅၀၊ အိပ်စင်လက်မှတ်ခ ကျပ် ၂၁၂၅၀ သို့ တိုးမြှင့် သတ်မှတ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

 

အလားတူ ရန်ကုန် - မော်လမြိုင် အမြန်ရထားလက်မှတ်ခ ရိုးရိုးတန်းလက်မှတ်တစ်စောင် ၂၁၅၀ ကျပ်၊ အထက်တန်း ၄၂၅၀ ကျပ်သာရှိပြီး ယခု ရိုးရိုးတန်း ၃၅၅၀ ကျပ်၊ အထက်တန်း ၇၀၅၀ ကျပ် တိုးမြှင့်ထားကာ ရန်ကုန်-ပြည်အမြန်ရထားလက်မှတ်ခမှာလည်း ယခင် ရိုးရိုးတန်းတစ်စောင်လျှင် ၁၉၅၀ ကျပ်၊ အထက်တန်း ၃၉၀၀ ကျပ်၊ ယခုရိုးရိုးတန်း ၃၂၅၀ ကျပ်၊ အထက်တန်း ၆၄၅၀ ကျပ်သို့ တိုးမြှင့်သတ်မှတ်လိုက်ကြောင်းလည်း သိရသည်။

 

ကိုဗစ် - ၁၉ ရောဂါကြောင့် တစ်နှစ်ကျော်ကြာ ရပ်နားထားသည့် မီးရထားလိုင်းများအနက် အမှတ်(၅)အဆန်နှင့် အမှတ်(၆)အစုန် ရန်ကုန် - မန္တလေး အမြန်ရထားတစ်စင်းကို ဇူလိုင်လမှစ၍ ပြန်လည်ပြေးဆွဲပေးမည်ဖြစ်ပြီး လက်ရှိ ရန်ကုန်-ပြည် နံနက် ၆ နာရီ စာပို့ရထားနှင့် နံနက် ၁၁ နာရီ အမြန်ရထားတိုးချဲ့ပြေးဆွဲပေးနေကာ နောက်ထပ် ရထားတစ်စင်းကိုလည်း ပြန်လည် ပြေးဆွဲရန်ရှိကြောင်း သိရသည်။

 

ရန်ကုန်မြို့တွင်း မြို့ပတ်ရထားများကို ဇွန် ၂၀ ရက်မှ စတင်၍ လက်ဝဲရစ်တစ်စင်းနှင့် လက်ယာရစ် တစ်စင်းတို့သာ ပြေးဆွဲပေးနေကြောင်း သိရသည်။

 

ymg/sth
#Yangon_Media_Group