#Local_News
Published - 1 July 2022

 

မြန်မာနိုင်ငံကို ရောက်ရှိနေသည့်အာဆီယံ အထူးကိုယ်စားလှယ်ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး ပရက်ဆိုခွန် ခရီးစဥ်သည် ကောင်းမွန်သည့်အကျိုးတရားတွေနှင့် အရွေ့တွေရှိကြောင်းနစက သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ (၁၇) ကြိမ်မြောက်သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

 

ရှင်းလင်းပွဲတွင် အာဆီယံဘုံသဘောတူ (၅)ချက် အကောင်အထည်ဖော်ဆောင်ရွက်မှု တိုးတက်မှုရှိသည့်အခြေအနေများ၊ ထာဝရငြိမ်းချမ်းရေးအတွက် တိုင်းရင်းသားလက်နက်ကိုင်များနှင့် တွေ့ဆုံဆွေးနွေးမှုအခြေအနေ၊ မြန်မာနိုင်ငံရှိ ပြည်သူများ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများရရှိဆောင်ရွက်ရေး၊ အာဆီယံမူဝါဒအရ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးနဲ့ ပတ်သက်ပြီး “တစ်ဦးတစ်ယောက်မှ မကျန်ရ” ဆိုသကဲ့သို့ မြန်မာနိုင်ငံအနေဖြင့်လည်း "လူ့အသက်ထက် အရေးကြီးတာ ဘာမှမရှိ"ဆိုသည့် အခြေအနေနှင့်ပတ်သက်ပြီး အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြောင်း ၄င်းကပြောသည်။

 

ယနေ့ ဇူလိုင်လ တစ်ရက်နေ့တွင် နိုင်ငံတော်ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးညှိနှိုင်းမှု ကော်မတီ ဥက္ကဌ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်အဖွဲ့နှင့် တွေ့ဆုံမည်ဖြစ်ပြီး NCA လက်မှတ်ရေးထိုးထားသည့် ALP၊ DKBA၊ RCSS အပါအဝင် အဖွဲ့(၇) ဖွဲ့ရှိ အဆင့်မြင့်ကိုယ်စားလှယ်များနှင့် တွေ့ဆုံမည်ဖြစ်ကာ နိုင်ငံရေးပါတီများနှင့်လည်း တွေ့ဆုံရန်ရှိကြောင်း သိရသည်။

 

ဇူလိုင် ၂ ရက် ပုဂံတွင် ကျင်းပပြုလုပ်မည့် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုအစည်းအဝေးကို တတ်ရောက်မည်ဖြစ်ကြောင်းလည်း သိရသည်။

 

ymg/sth
#Yangon_Media_Group