#Local_News
Published_30 June 2022

 

ထိုင်းနိုင်ငံတွင် အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ကျခံပြီး လွတ်ရက်စေ့ မြန်မာရွှေ့‌‌ပြောင်းလုပ်သား ကျား(၁၁၄)ဦး၊ မ(၄၄)ဦး၊ စုစုပေါင်း (၁၅၈) ဦး၊ ကလေး ကျား(၃)ဦး၊ မ (၅) ဦး၊ စုစုပေါင်း (၈)ဦး၊ အားလုံးစုစုပေါင်း (၁၆၆) ဦးတို့အား ဇွန်လ ၂၉ ရက်က ဒေသတွင်းပြန်လည်ရောက်ရှိခဲ့ကြကြောင်း သိရသည်။

 

မြန်မာနိုင်ငံဆိုင်ရာ အလုပ်သမားသံအရာရှိ ဦးရဲလင်းထက်၊ ရနောင်းမြို့နယ်အုပ်ချုပ်ရေးမှူး Mr. Somkiat Srisanate၊ နယ်ခြားကော်မတီမှ တာဝန်ရှိသူများ၊ ရနောင်းခရိုင်လူဝင်မှု ကြီးကြပ်ရေးဌာနမှ တာဝန်ရှိသူများ၊ နယ်စပ်ဖြတ်ကျော်အထူးတပ်ဖွဲ့မှ တာဝန်ရှိသူများက ယင်းတို့အားရနောင်းမြို့မှ ကော့သောင်းမြို့သို့ ပဲ့ချိတ်လှေ (၁၀) စီးဖြင့် ပြန်လည်ပို့ဆောင်ပေးခဲ့ကြခြင်း ဖြစ်သည်။

အဆိုပါ မြန်မာအလုပ်သမားများအား ကော့သောင်းခရိုင်နှင့် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများ၊ ကျန်းမာရေးဌာနနှင့် ဌာနဆိုင်ရာများ၊ NGO အဖွဲ့အစည်းများက ကိုဗစ်-၁၉ ရောဂါ ရှိ မရှိ၊ မြန်မာနိုင်ငံသား မဟုတ်သူများ ပါဝင်လာခြင်း ရှိ မရှိ၊ မူးယစ်ဆေးဝါး သယ်ဆောင်လာခြင်း ရှိ မရှိ စစ်ဆေးလက်ခံခဲ့ပြီး အစားအသောက်၊ ကျန်းမာရေးနှင့် လိုအပ်သည့်ထောက်ပံ့ကူညီမှုများ ဆောင်ရွက်ပေးခဲ့ကြကြောင်းလည်း သိရသည်။

 

ပြန်လည်ဝင်ရောက်လာသူများထဲမှ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး အကြိမ်ပြည့် ထိုးနှံပြီးသူများအား နေရပ်အသီးသီးသို့ချက်ခြင်း ပို့ဆောင်ပေးပြီး ကာကွယ်ဆေး လုံးဝမထိုးနှံရသေးသူနှင့် တစ်ကြိမ်သာ ထိုးနှံထားသူများအား ကော့သောင်းမြို့ရှိ Quarantine Center သုံးခုတွင် အမျိုးသား အမျိုးသမီး သီးခြားစီခွဲခြားထားရှိကာ သုံးရက် အသွားအလာ ကန့်သတ်ထားရှိ စောင့်ကြည့်စစ်ဆေး၍ ပိုးစစ်ဆေးတွေ့ရှိခြင်းမရှိမှသာ နေရပ်အသီးသီးသို့ ပြန်လည်ပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

ymg/mt
#Yangon_Media_Group