#LocalNews
Published - 29 June 2022

 

ထိုင်းနိုင်ငံနယ်စပ်ဒေသများတွင် ရောက်ရှိနေကြသော CDM ပြုလုပ်ထားကြသူများနှင့်လူငယ်များအနေဖြင့် ပြည်တွင်းသို့ အလွယ်တကူပြန်လည်ဝင်ရောက်လာနိုင်စေရန် ထိုင်းတပ်မတော်က ကူညီပေးသွားမည်ဖြစ်ကြောင်း(၃၄)ကြိမ်မြောက် မြန်မာ-ထိုင်း ဒေသဆိုင်ရာ နယ်ခြားကော်မတီအစည်းအဝေး မှတ်တမ်းများအရ သိရသည်။

 

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများတည်ရှိရာ နယ်မြေဒေသများသို့ CDM ဝန်ထမ်းများ၊ ကျောင်းသား၊ကျောင်းသူများ၊ လူငယ်လူရွယ်များအနေဖြင့်ရောက်ရှိသွားခဲ့ကြပြီး လက်နက်ပစ်ခတ်ခြင်းနှင့် ဖောက်ခွဲဖျက်ဆီးရေးသင်တန်းများကိုစာရင်းသွင်း ပါဝင်တက်ရောက်ခဲ့ကြသည်ကိုတွေ့ရကြောင်း၊ ထိုကြောင့် မြန်မာနိုင်ငံရှိနေရပ်အသီးသီးသို့ ပြန်လည်ဝင်ရောက်လိုပါက ကြိုဆိုလက်ခံရေးစခန်းများ ဖွင့်လှစ်ကြိုဆိုမည်ဟု ထုတ်ပြန်ထားသည့်အပေါ် ထိုင်းတပ်မတော်က အစည်းအဝေးအတွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

 

(၃၄)ကြိမ်မြောက် မြန်မာ-ထိုင်း ဒေသဆိုင်ရာ နယ်ခြားကော်မတီအစည်းအဝေးကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် တောင်ကြီးမြို့ရှိ တောင်ကြီးဟိုတယ်၌ ဇွန်လ ၂၈ ရက်နှင့်၂၉ ရက်တို့တွင် ပြုလုပ်ခဲ့ကြရာ မြန်မာကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး အောင်စိုး၊ ဒုတိယခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီး ခင်လှိုင်နှင့် တပ်မတော်အရာရှိကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ထိုင်းနိုင်ငံမှကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် Lt.Gen. Apichet Suesat နှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

 

မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်စဉ်ပြောင်းလဲမှုအပေါ် အကြမ်းဖက်မှုများပပျောက်စေရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆောင်ရွက်နေကြောင်းနှင့် နှစ်နိုင်ငံတပ်မတော်အကြား ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးကို လုပ်ဆောင်ကြမည် ဖြစ်ကြောင်းလည်း အဆိုပါအစည်းအဝေးမှတ်တမ်းသတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ymg/mt
#Yangon_Media_Group