#Local_News
Published - 30 June 2022

 

လျှပ်စစ်ယာဉ်များအတွက် ပန်းခြံ၊ အားကစားကွင်းနှင့် အဆင့်မြင့်အိမ်ရာများတွင် ဘက်ထရီအားသွင်းရန် နေရာများ (Charging Station) တည်ဆောက်ရန်ပြင်ဆင်နေကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ (YCDC) က သိရသည်။

 

ရန်ကုန်မြို့တော်တွင် Charging Station များ၊ ယာဉ်ရပ်နားရန် နေရာများ၊ ယာဉ်လမ်းကြောင်းများကို မြို့တော်စည်ပင်မှ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ပြည်သူများ တွင်တွင်ကျယ်ကျယ် အသုံးပြုနိုင်ရေးအတွက် နိုင်ငံတော်အဆင့်နှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့်များတွင် Road Safety Council အဆင့်ဆင့် ဖွဲ့စည်းထားမည်ဖြစ်သည့်အတွက် ယာဉ်အန္တရာယ်ကင်းရှင်းရေးကိုလည်း တွင်တွင်ကျယ်ကျယ် ဆောင်ရွက်သွားနိုင်မည်ဖြစ်ကြောင်း သိရသည်။

 

“လျှပ်စစ်ယာဉ်များ ကျယ်ကျယ် ပြန့်ပြန့် အသုံးပြုလာခြင်းအားဖြင့် အချို့သောလုပ်ငန်းတွေကို သက်သာစေမှာဖြစ်ပါတယ်။ လျှပ်စစ်သုံးယာဉ်နဲ့ ဆက်စပ်ပစ္စည်းဆိုင်ရာလုပ်ငန်းတွေကိုလည်း ကမ္ဘာ့နိုင်ငံအသီးသီးမှာ အသုံးပြုနေတာကိုတွေ့ရပါတယ်။ ရန်ကုန်မြို့တော်အနေဖြင့် လျှပ်စစ်ယာဉ်ပြေးဆွဲနိုင်ခြင်းအားဖြင့် လုပ်ငန်းကော်မတီရဲ့ တာဝန်တစ်ရပ်ဖြစ်တဲ့ သက်သာချောင်ချိရေးကို ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။၊ လျှပ်စစ်ယာဉ်တွေအတွက် ပန်းခြံ၊ အားကစားကွင်းနဲ့ အဆင့်မြင့်အိမ်ရာတွေမှာCharging Station တွေကိုလည်း တပ်ဆင်ဖို့လိုအပ်ပါတယ်"ဟု ရန်ကုန်မြို့တော်ဝန် ဦးဗိုလ်ဌေးက အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီး ကော်မတီ၊ လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများဆိုင်ရာ အထူးသက်သာခွင့်များ ညှိနှိုင်းကြီးကြပ်ရေး လုပ်ငန်းကော်မတီ၏ ညှိနှိုင်းအစည်းအဝေးတွင် ပြောကြားခဲ့သည်။

 

လျှပ်စစ်ဓာတ်အား ရရှိမှုအနေအထားအရ အဆင့်မြင့်အိမ်ရာများတွင် Charging Station များ ထည့်သွင်းဆောင်ရွက်ပါက ပြည်သူများအတွက် အဆင်ပြေမည် ဖြစ်ကြောင်း၊ အများပြည်သူ နေရာများတွင် ယာဉ်ရပ်နားခ သက်သာခွင့် ပြုခြင်းဖြင့် ကော်မတီ၏ လုပ်ငန်းတာဝန်ဖြစ်သော သက်သာခွင့်ကို ဆောင်ရွက်ပေးနိုင်မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

 

ymg/sth
#Yangon_Media_Group