#Local_News
Published _ 29 June 2022

 

အခွန်ရှောင်ရန်ရည်ရွယ်လုပ်ဆောင်နေသည့် ပို့ကုန်၊ သွင်းကုန်များနှင့် တားမြစ်ကုန်ပစ္စည်းများ တရားမဝင်ကုန်သွယ်နေမှုအပေါ် ထိရောက်စွာ အရေးယူသွားမည်ဟု နစက ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ပြောသည်။

 

ဇွန်လ ၂၈ ရက်က ကျင်းပခဲ့သည့် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးအတွင်း ယင်းက အထက်ပါအတိုင်းပြောကြားလိုက်ခြင်းဖြစ်သည်။

 

"အခွန်ရှောင်လွှဲလိုတဲ့ ရည်ရွယ်ချက်နဲ့ တင်ပို့တင်သွင်းခြင်းတွေအပြင် တားမြစ်ကုန် ပစ္စည်းနဲ့ ကန့်သတ်ကုန်ပစ္စည်းတွေ၊ တရားမဝင်ကုန်သွယ်မှုတွေကို ထိထိရောက်ရောက်တားဆီး အရေးယူရမယ်"ဟု ယင်းက ပြောသည်။

 

ဖမ်းဆီးအရေးယူရာတွင်လည်း တစ်ဦးချင်း လုံခြုံရေးအပြင် အဖွဲ့အစည်း၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ၊ အဆောက်အဦပိုင်းဆိုင်ရာနှင့် စက်ပစ္စည်းယန္တရားများ၏ လုံခြုံရေးကိုလည်း ဂရုပြုဆောင်ရွက်ကြရန်၊ သတ်မှတ်ထားသည့် တရားမဝင်ကုန်ပစ္စည်းများ၊ ကန့်သတ်ကုန်ပစ္စည်းများကို စနစ်တကျရှာဖွေစစ်ဆေးကြရမည့်အပြင် စိုက်ပျိုးရေးကဏ္ဍတွင် မရှိမဖြစ်လိုအပ်သည့် သွင်းအားစုဆိုင်ရာကိစ္စရပ်အချို့တွင် ခွင့်ပြုချက်များနှင့် အမျိုးအစားဆင်တူ ကုန်အမှတ်တံဆိပ်များ ရောနှောပါဝင်လာမှုမရှိစေရေးများကိုလည်း တိကျစွာစစ်ဆေးဖမ်းဆီး အရေးယူသွားကြရမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

 

လက်ရှိ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီကို ပြန်လည်ပြင်ဆင်ဖွဲ့စည်းပြီးနောက်ပိုင်း ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလမှ မေလအထိ ခန့်မှန်း ကျပ် (၂၁ ဒသမ ၇၇၁) ဘီလီယံတန်ဖိုး ဖမ်းဆီးရမိခဲ့ကြောင်း၊ ယင်းမှာယခင်နှစ်နှင့် နှိုင်းယှဉ်ပါက ခန့်မှန်း ကျပ်(၁၃ ဒသမ ၃၁၈) ဘီလီယံတန်ဖိုး ပိုမိုဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။

 

ymg/NN
#Yangon_Media_Group