#LocalNews
Published_24 June 2022

 

ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့်မြို့နယ်အတွင်းရှိ သာယာကုန်း၊ ရေတွင်းကုန်း၊တောင်ညွန့်ကြီး၊ ကန်-ရှေ့၊ ကန်-နောက်၊ ကန်-တောင်၊ ကန်-မြောက်၊ သိမ်ဖြူမီးရထား၊ တောင်ညွန့်မီးရထား၊ ဖဆပလ၊ဖိုမြေ၊ လွတ်လပ်ရေး ရပ်ကွက်နေရာများတွင် မနက်ဖြန် ဇွန်လ ၂၅ ရက် စနေနေ့၌ လျှက်စစ်ဓာတ်အား ယာယီပြတ်တောက်မည်ဖြစ်ကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း (YESC)က ထုတ်ပြန်ထားသည်။

 

ယာယီပြတ်တောက်ရမည့်အကြောင်းရင်းမှာ အလုံ၊လှော်ကား၊ ရွာမ၊ သာကေတ မြို့နယ်များရှိ ဓာတ်အားခွဲရုံ ၄ ရုံတွင် ခွဲရုံအဆင့်မြှင့်တင်ခြင်းလုပ်ငန်း ဆောင်ရွက်ရာတွင် သာကေတဓာတ်အားခွဲရုံမှ ဓာတ်အားဖြန့်ဖြူးပေးထားသော 66kV သာကေတ-သီတာ(၁) ဓာတ်အားလိုင်းနှင့် 66kV သာကေတ-သီတာ(၂)ဓာတ်အားလိုင်းတို့ကို 66kV GIS Switch Bay ၌ တပ်ဆင်ဓာတ်အားပေးရန်အတွက် ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းလုပ်ဆောင်မည်ဖြစ်သောကြောင့်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

ပြင်ဆင်ခြင်းလုပ်ငန်းများကို နံနက် ၉ နာရီမှ ညနေ ၃ နာရီထိ ဆောင်ရွက်မည်ဖြစ်သောကြောင့် ယင်းအချိန်အတွင်း လျှပ်စစ်ယာယီပြတ်တောက်မည်ဖြစ်ကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း၏ ထုတ်ပြန်ချက်အရ သိရသည်။

 

ယင်းအပြင် ရန်ကုန်တိုင်းဒေသကြီး၊ 230KV ဝါးတရာပင်မဓာတ်အားခွဲရုံ၏ 230kV Bus ပေါ်သို့ ဓာတ်အားဆက်သွယ်သော Disconnection Switch အထွက်ရှိ လျှပ်စစ်ဓာတ်အားလိုင်းကြိုးများ ကြိုးလွန်းဖွာနေခြင်းကို ပြုပြင်ဆောင်ရွက်ရန်အတွက် ဝါးတစ်ရာပင်မ ဓာတ်အားခွဲရုံ၏ 230kV Bus ကို ဇွန်လ ၂၆ ရက် မွန်းတည့် ၁၂ နာရီမှ ညနေ ၄ နာရီထိ ပြုလုပ်မည် ဖြစ်၍ အဆိုပါအားခွဲရုံမှ ဓာတ်အားပေးထားသည့် ရွှေပြည်သာစက်မှုဇုန်( ၂-၃-၄ )တစ်ဝက်ခန့်၊ ဝါးတစ်ရာ စက်မှုဇုန်၊ သာဓုကန် စက်မှုဇုန်၊ ရွှေပြည်သာမြို့နယ်တစ်ဝက်ခန့်၊မှော်ဘီမြို့နယ်၏ နေရာအချို့တို့တွင် လျှက်စစ်ဓာတ်အားယာယီ ပြတ်တောက်နေမည်ဖြစ်ကြောင်းလည်း ထုတ်ပြန်ထားသေးသည်။

 

ymg/mt
#Yangon_Media_Group