#LocalNews
Published _ 22 June 2022

 

ရန်ကုန်တိုင်းဒေသကြီးတွင် ယခုနှစ်မိုးရာသီ၌ မိုးစပါးဧကပေါင်း ဆယ့်တစ်သိန်းခြောက်သောင်းလေးထောင့်ငါးရာ စိုက်ပျိုးရန် မျှော်မှန်းထားကြောင်း ရန်ကုန်တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာမှ သိရသည်။

 

လက်ရှိတွင် မြို့နယ်အချို့၌ ဧကပေါင်း ၁ သိန်းကျော်ခန့် စိုက်ပျိုးပြီးစီးနေကြောင်း၊ တိုက်ကြီး၊ ခရမ်း၊ ကျောက်တန်းမြို့နယ်များတွင် ပြီးခဲ့တဲ့ မေလမှ စတင်၍ မိုးကြိုအခြောက်ကျဲ စနစ်ဖြင့် စိုက်ပျိုးခဲ့ကြပြီး နောက်ပိုင်းတွင် တွံတေး၊ ကော့မှူး၊ လှည်းကူး၊ မှော်ဘီစသည့် မြို့နယ်တွေမှာ အစိုကျဲစနစ်ဖြင့် စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

 

ရန်ကုန်တိုင်း‌‌ဒေသကြီးအတွင်း မိုးစပါးကို စက်တင်ဘာလ လယ်တွင် ၉၀ ရာခိုင်နှုန်း ပြီးစီးသည်အထိ စိုက်ပျိုးကြပြီး ကျန်ရှိနေသည့် ၁၀ ရာခိုင် နှုန်းကို နိုဝင်ဘာလကုန်အထိ စိုက်ပျိုးကြကြောင်း သိရသည်။

 

ယခုနှစ် မိုးစပါးရာသီတွင် စပါးအမျိုးအစားပေါင်း ၃၅မျိုး စိုက်ပျိုးနေပြီး ရွှေဝါထွန်း၊ မနောသုခ၊ ဆင်းသွယ် စသည့် ပြည်ပသို့တင်ပိုရန် အရည်အသွေးမြင့် စပါးမျိုးများနှင့် ပြည်တွင်းစားသုံးရန် ပေါ်ဆန်းမွှေး၊ ဧရာ၊ မှော်ဘီသုံး စသည့် စပါးမျိုးများကို တိုးချဲ့စိုက်ပျိုးလာကြကြောင်း သိရသည်။

 

ymg/NN
#Yangon_Media_Group