#LocalNews
Published_22 June 2022

 

ရန်ကုန်ရှိ နှစ်ပေါင်း ၁၂ဝဝ ကျော်သက်တမ်းရှိ ရှေးဟောင်းဝေသာလီခေတ် ကြေးဆီမီးခွက်ကို ရခိုင်ပြည်နယ်သို့ ပြန်လည်ပို့ဆောင်ခဲ့ပြီ ဖြစ်ကြောင်း သိရသည်။

 

ယင်း ရှေးဟောင်းကြေးဆီမီးခွက်ကို ကိုင်ဆောင်ထားသည့် အမြင့်ပေ ၉ လက်မရှိသော ရုပ်တုကို အေဒီ ၃ ရာစုနှင့် ၈ ရာစုကြားကာလက သွန်းလုပ်ခဲ့ခြင်းဖြစ်နိုင်ကြောင်း၊ ရခိုင်သမိုင်းသုတေသီ ကျောက်စာဝန် ဦးစံရွှေဘုက ၁၉၂ဝ ပြည့်နှစ်ခန့်တွင် ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့၊ ဝေသာလီကျေးရွာ၏ အရှေ့မြောက်ဘက် ဝေသာလီမြို့ဟောင်းထဲမှ တူးဖော်ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

ဦးစံရွှေဘုကတွေ့ရှိချိန်မှစ၍ ထိန်းသိမ်းလာခဲ့ပြီးနောက် ဦးစံရွှေဘု၏မြေးဖြစ်သူ ဒေါ်ခင်အေးဇံတိုမိသားစုက ၂ဝ၂ဝ ပြည့်နှစ်၊ ဇန်နဝါရီလ ၇ ရက်တွင် ရန်ကုန်မြို့ရှိ အမျိုးသားပြတိုက်၌ ရခိုင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးဇော်အေးမောင်တို့ထံ စာချုပ်စာတမ်းနှင့် လွှဲပြောင်းပေးအပ်ခဲ့ကြောင်း၊ ယင်းနောက် ဇွန်လ ၂၁ ရက်တွင် စစ်တွေမြို့ရှိ ဦးဥတ္တမခန်းမ၌ မိသားစုဝင်များကိုယ်စား ဦးတင်အောင်စိုး(ယဉ်ကျေးမှုဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူး(ငြိမ်း)က ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအာင်ကျော်မင်းထံ လွှဲပြောင်းပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း၊ အခမ်းအနားတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဒေါ်နုမြဇံနှင့် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ဒုဝန်ကြီး ဦးဇော်အေးမောင်တို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

 

ယခုအခါ အဆိုပါကြေးဆီမီးခွက်ကို အများပြည်သူလာရောက်လေ့လာနိုင်ရန်ရည်ရွယ်၍ စစ်တွေမြိုရှိ ယဉ်ကျေးမှုပြတိုက်တွင် ထိန်းသိမ်းသွားမည်ဖြစ်ကြောင်း မြောက်ဦးရှေးဟောင်းအမွေအနှစ်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်ခင်သန်းက YMG ကို ပြောသည်။

 

"ဇွန်လ ၂၀ ရက်နေ့က စစ်တွေကို လေယာဉ်နဲ့သယ်ယူခဲ့တယ်။ ဇွန်လ ၂၁ ရက်နေ့မှာ အခမ်းအနားနဲ့ အပ်နှံခဲ့တယ်။ ဒါက ဝေသာလီခေတ် ဆီမီးခွက်ဖြစ်တာကြောင့် ရခိုင့်အမွေအနှစ်ကို ရခိုင်မှာပြန်ပြီး ပြတိုက်မှာထားတယ်ဆိုတာ ကောင်းတယ်လေ။ Primary Resource ပျောက်ပျက်လို့မရတဲ့ ပစ္စည်းတွေဆိုတော့ ပြတိုက်မှာ တရားဝင်ထိန်းသိမ်းထားတာက အကောင်းဆုံးပါပဲ"ဟု ယင်းကပြောသည်။

 

ymg/mt
#Yangon_Media_Group