#LocalNews
Published _ 20 June 2022

 

အချို့သောနိုင်ငံများတွင် လက်ဖက်ရည်အား အဓိကသောက်သုံးရာမှ ကော်ဖီကို ပြောင်းလဲသောက်သုံးလာကြသဖြင့် ကမ္ဘာ့ကော်ဖီဈေးကွက် မြင့်တက်လာကြောင်း International Coffee Organization ရဲ့ သုံးသပ်ချက် များအရ သိရသည်။

 

မြင့်တက်နေမှု အလားအလာအရ မြန်မာနိုင်ငံမှာ ကော်ဖီတိုးချဲ့စိုက်ပျိုးပါက ဈေးကွက်ကောင်း ရရှိနိုင်မှုဟာ သေချာနေပြီး သီးနှံစုံစိုက်ပျိုးနိုင်သော ဂေဟစနစ်အခြေအနေကောင်းများရှိနေသည့် မြန်မာနိုင်ငံအနေဖြင့် ကော်ဖီ အဓိကထုတ်လုပ်တင်ပို့သည့် နိုင်ငံဖြစ်လာရန်အတွက် စိုက်ဧကများ တိုးချဲ့စိုက်ပျိုးခြင်းနှင့် စိုက်ပျိုးထားရှိသော ကော်ဖီများအား အရည်အသွေးမြင့်မားသည့် ကော်ဖီများ ထုတ်လုပ်နိုင်ရေးတို့ကို စနစ်တကျစီမံဆောင်ရွက်သွားရန် ကြိုးပမ်းနေခြင်းဖြစ်ကြောင်း ကော်ဖီဗဟိုအဖွဲ အတွင်းရေးမှူး ဒုတိယဝန်ကြီးဒေါက်တာအောင်ကြီး ကပြောသည်။

 

"ကမ္ဘာ့ကော်ဖီကုန်သွယ်မှုတန်ဖိုးက နှစ်စဉ် အမေရိကန်ဒေါ်လာ (၃၀)ဘီလီယံကျော် ရှိကာ International Coffee Organization ရဲ့ ခန့်မှန်းချက်တွေအရ ကမ္ဘာ့ကော်ဖီ သောက်သုံးမှုဟာ လာမယ့် (၅)နှစ်အတွင်း နှစ်စဉ် ၃ ရာခိုင်နှုန်း တိုးတက်လာနိုင်ပါတယ်။ စီးပွားရေးတိုးတက်တဲ့ နိုင်ငံတစ်ခုအတွင်း တစ်ဦးချင်းဝင်ငွေ တိုးတက်လာတာနဲ့အမျှ ကော်ဖီကို ပိုမိုသောက်သုံးလာတာ တွေ့ရပါတယ်" ဟု ဒုတိယဝန်ကြီးက ဆိုသည်။

 

မြန်မာ့ကော်ဖီကို ကမ္ဘာ့ဈေးကွက်သို့ ထိုးဖောက်နိုင်ရေးအား ကော်ဖီဗဟိုအဖွဲ့နှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေး မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သယံဇာ တနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနများနှင့် ကော်ဖီထုတ်လုပ်မှုဆိုင်ရာ ပုဂ္ဂလိကလုပ်ငန်းရှင်များဖြင့် ဖွဲ့စည်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

မြန်မာနိုင်ငံတွင် အာရေးဗီးကား(Arabica) ကော်ဖီ ထုတ်လုပ်နိုင်သည့် တောင်ကုန်း၊ တောင်တန်းဒေသများ၊ ရိုဘတ်စတာ (Robusta)ကော်ဖီများ ထုတ်လုပ်ရန် သင့်တော်သော မြေပြန့်ဒေသများရှိနေသော်လည်း လက်ရှိကော်ဖီထုတ်လုပ်မှုမှာ တစ်နှစ်လျှင် တန်ချိန် (၉,၀၀၀) ကျော်ခန့်သာ ရှိနေဆဲဖြစ်၍ ကော်ဖီ အဓိကထုတ်လုပ်တင်ပို့သည့် နိုင်ငံဖြစ်လာစေရန်အတွက် စနစ်တကျစီမံဆောင်ရွက်သွားရန် ကြိုးပမ်းနေခြင်းဖြစ်ကြောင်း ယင်းဌာနမှ သိရသည်။

 

ymg/NN
#Yangon_Media_Group