#LocalNews

Published - 20 June 2022

 

ရန်ကုန်မိုးပျံအမြန်လမ်း စီမံကိန်းကို စတင်နိုင်ရန် ပြန်လည်သုံးသပ်နေပြီဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သိရသည်။

 

ရန်ကုန်မြို့၏ ယာဉ်ကြောကြပ်တည်းမှုကို လျှော့ချနိုင်စေရန်နှင့် အခြေခံအဆောက်အဦ ကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန်အတွက် ၂၇ ဒသမ ၅ ကီလိုမီတာရှည်လျားသည့် ရန်ကုန်မိုးပျံအမြန်လမ်းအပိုင်း (၁)ကို PPP စီမံကိန်းအဖြစ် အကောင်အထည်ဖော်ဆောင်ရွက်မည်ဖြစ်သည်။

 

အဆိုပါ စီမံကိန်းသည် ရင်းနှီးမြှုပ်နှံမှုကြီးမားသည့် စီမံကိန်းတစ်ခုဖြစ်ကာ စီမံကိန်း အပိုင်း ၁ အတွက် အမေရိကန်ဒေါ်လာ သန်း ၈၀၀ ခန့် ကုန်ကျမည်ဖြစ်ကြောင်း သိရသည်။

 

"စီမံကိန်းပြန်စဖို့အတွက် သုံးသပ်နေတုန်းပါပဲ။ ဒီလောက်ပဲပြောနိုင်ပါတယ်"ဟု ဆောက်လုပ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

 

အဆိုပါ စီမံကိန်း၏ Phase – 1 အဖြစ် အရှေ့ဘက်ခြမ်း လေးလမ်းသွားလမ်းမကြီး ၁၉ ကီလိုမီတာ၊ အရှေ့နှင့်အနောက် ချိတ်ဆက်ထားသော လေးလမ်းသွား ၆ ကီလိုမီတာ၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်နှင့် ဆက်သွယ်ထားသော နှစ်လမ်းသွား ၂.၅ ကီလိုမီတာ၊ စုစုပေါင်း ၂၇.၅ ကီလိုမီတာ အရှည်ရှိမည်ဖြစ်ကြောင်းသိရသည်။

 

ရန်ကုန်မိုးပျံ အမြန်လမ်းစီမံကိန်း၏ စီမံကိန်းအကြံပေးအဖြစ် ကမ္ဘာ့ဘဏ်အဖွဲ့ဝင်ဖြစ်သော International Finance Corporation (IFC) မှဆောင်ရွက်နေပြီး တင်ဒါလုပ်ငန်းစဉ်များအနေဖြင့် စီမံကိန်းစိတ်ဝင်စားမှု အဆိုပြုလွှာကို ၂၀၁၈ ခုနှစ် မေလတွင်ခေါ်ယူခဲ့ရာ ကုမ္ပဏီ ၅၅ ခုမှ အဆိုပြုလွှာတင်သွင်းခဲ့ပြီး စီမံကိန်းအရည်အချင်းစစ် အဆိုပြုလွှာကို ၂၀၁၈ ခုနှစ် နိုဝင်ဘာလတွင် ခေါ်ယူခဲ့ရာ Consortium နှင့် ကုမ္ပဏီအဖွဲ ၁၂ ဖွဲ့မှ လျှောက်ထားခဲ့ပြီး အကြိုအရည်အချင်းစစ်အောင်မြင်သည့် ကုမ္ပဏီ ၁၀ ဖွဲ့ကို ၂၀၁၈ ခုနှစ် ဒီဇင်ဘာလတွင် ထုတ်ပြန်ခဲ့ကြောင်းသိရသည်။

 

ymg/sth
#Yangon_Media_Group