#LocalNews
Published - 20 June 2022

 

ရန်ကုန်အထိုင် စားအုန်းဆီအခြေခံလက်ကား ရည်ညွှန်းစျေးနှုန်းကို တစ်ပိဿာလျှင် ၅၈၁၅ ကျပ် သတ်မှတ်ထားကြောင်း စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီမှ ထုတ်ပြန်ထားသည်။

 

ကမ္ဘာ့စားအုန်းဆီ ထုတ်လုပ်တင်ပို့သည့်နိုင်ငံများတွင် စျေးကွက်နှင့် စျေးနှုန်းများအရ ဇွန် ၂၀ ရက်မှ ၃၀ ရက် အထိ ရန်ကုန်အထိုင်စျေး အခြေခံလက်ကား ရည်ညွှန်းစျေးနှုန်းကို စားအုန်းဆီတစ်ပိဿာလျှင် ၅၈၁၅ ကျပ် သတ်မှတ်ထားခြင်း ဖြစ်သည်။

 

စားအုန်းဆီ အဓိကထုတ်လုပ်တင်ပို့သည့် မလေးရှားနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့တွင် ဖြစ်ပေါ်နေသော FOB စျေးနှုန်းများကို နေ့စဉ်စောင့်ကြည့်၍ သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်များ ၊ ဘဏ်စရိတ်များ ၊ အခွန်အခများ ထည့်သွင်းတွက်ချက်၍ ပြည်တွင်းစျေးကွက်၌ ရောင်းဝယ်ဖောက်ကားရမည့် အခြေခံလက်ကား ရည်ညွှန်းစျေးနှုန်းကို ထုတ်ပြန်ပေးနေခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။

 

ပြည်တွင်းစျေးကွက်အတွင်း စျေးနှုန်းမြှင့်တင်ရောင်းချခြင်း ၊ စျေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်း နှင့် မသမာသည့် လုပ်ဆောင်မှုများပြုလုပ်ပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဟု သိရသည်။

 

စားအုန်းဆီအ ခြေခံလက်ကားရည်ညွှန်းစျေး ထုတ်ပြန်ထားသော်လည်း စျေးကွက်တွင် တစ်ပိဿာလျှင် ၉၀၀၀ ဝန်းကျင်ရှိ နေကြောင်း၊ အစိုးရအနေဖြင့် မြေပြင်ဆီစျေးကွက်အခြေအနေကို ထိန်းချုပ်နိုင်ခြင်းမရှိသေးကြောင်း သိရသည်။

 

စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီသို့ ဆက်သွယ်မေးမြန်းသော်လည်း မရရှိခဲ့ပေ။

 

ymg/sth
#Yangon_Media_Group