#LocalNews
Published_16 June 2022

 

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်ရှိ ဧရာဝတီဘဏ်ခွဲတစ်ခုကို မီနီဘတ်စ်တစ်စီး ဝင်တိုက်မိ၍ ညစောင့်ဝန်ထမ်းတစ်ဦး ဒဏ်ရာရသွားကြောင်း တွဲလက်ကူမယ် 'ဌ'လူငယ် ပရဟိတအဖွဲ့က သိရသည်။

 

"ဘဏ်ညစောင့် ဝန်ထမ်း အသက်၄၂နှစ်အရွယ်လောက်ရှိတဲ့ အမျိုးသားပါ။ ဦးခေါင်းမှာ ၇ ချက် ချုပ်ရပါတယ်။ ပြီးတော့ ကျောရိုးထိခိုက်တာတွေကို ဓါတ်မှန်ရိုက်ပေးတယ်။ အဲဒီမီနီဘတ်စ်က အရှိန်လွန်ပြီး ဝင်တိုက်မိတာပါ။ ဘဏ်ရှေ့မှာ ဂပ်ထားတဲ့ ကားနှစ်စီးလည်း ထိသွားသေးတယ်"ဟု တွဲလက်ကူမယ် 'ဌ'လူငယ် ပရဟိတအဖွဲ့၏ တာဝန်ရှိသူက ပြောသည်။

 

ဇွန်လ ၁၆ ရက် နံနက်တစ်နာရီ မထိုးမီက ၁၂ နာရီကျော်က မြောက်ဥက္ကလာပမြို့နယ်၊ သီရိရတနာဝင်းရှေ့ရှိ ဧရာဝတီဘဏ်ကို အဆိုပါ မီနီဘတ်စ် အဝါရောင်ဝင်တိုက်မိသည့်အတွက် ဘဏ်ရှေ့ကားနှစ်စီးနှင့် ဘဏ်တံခါးများ ပျက်စီးခဲ့ပြီး အတွင်း၌ရှိနေသော ညစောင့်ဝန်ထမ်းနှစ်ဦးအနက်တစ်ဦးမှာ သံတံခါးဖြင့် ရိုက်မိကာ ဦးခေါင်းနှင့် ကျောရိုးထိခိုက်ဒဏ်ရာများရရှိခဲ့၍ မေဓာဝီဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

 

ယင်း မီနီဘတ်စ်ယာဉ်မှာ အောင်မင်္ဂလာအဝေးပြေးဘက်သို့ ထွက်ပြေးတိမ်းရှောင်သွားကြောင်းလည်း သိရသည်။

 

ymg/mt
#Yangon_Media_Group