#Local_News
Published_ 9 June 2022

 

ခရီးသွားကုမ္ပဏီများက စီစဥ်တဲ့ အဖွဲ့လိုက်ခရီးစဥ်များတွင် ပါဝင်မည့် နိုင်ငံခြားသားများသည်လည်း ဇွန်လ ၁၀ ရက်နေ့မှ စတင်၍ ဂျပန်နိုင်ငံသို့ ဝင်ရောက်နိုင်မှာဖြစ်ကြောင်း ဂျပန်သံရုံးက ကြေညာထားပါတယ်။

 

ဂျပန်နိုင်ငံသို့ သွားရောက်ကြမည့် မြန်မာနိုင်ငံသားများအား ဗီဇာထုတ်ပေးခြင်းနှင့် ပတ်သက်၍ မြန်မာနိုင်ငံတွင် နေထိုင်သူများသို့ မေလ ၂၆ ရက်နေ့တွင် ဂျပန်အစိုးရက ယခုနှစ် ဇွန်လမှာ စတင်ကျင့်သုံးမယ့် COVID – 19 ရောဂါကူးစက်ပျံ့နှံမှု တားဆီးကာကွယ် ထိန်းချုပ်ရေးစီမံချက်ကို ထုတ်ပြန်ကြေညာခဲ့ပါတယ်။

 

အဆိုပါ စီမံချက်အရ ဂျပန်နိုင်ငံသို့ သွားရောက်ရန် လိုအပ်သည်ဟု အသိအမှတ်ပြုခံရတဲ့ မိသားစု/အသိမိတ်ဆွေထံ အလည်အပတ်သွားရောက်ရန် ရည်ရွယ်သော နိုင်ငံခြားသားများသည် ဇွန် ၁ ရက်မှစတင်၍ ဂျပန်နိုင်ငံသို့ဝင်ရောက်နိုင်နေပြီ ဖြစ်ပါတယ်။

 

အဆိုပါ စီမံချက်အသစ်အရ ဂျပန်သံရုံးတွင် ဗီဇာလျှောက်ထားခြင်းနှင့် ပတ်သက်၍ ကျောင်းသားများ၊ နည်းပညာအလုပ်သင်သင်တန်းသားများနှင့် ခရီးသွားကုမ္ပဏီစသည်တို့က လက်ခံဆောင်ရွက်ပေးသည့် အလည်အပတ်သွားရောက်မည့်သူများ အပါအဝင် ဂျပန်နိုင်ငံသို့ သွားရောက်လိုသူများအတွက် ဗီဇာလျှောက်ထားရာတွင် ဂျပန်နိုင်ငံအတွင်းရှိ တာဝန်ယူလက်ခံမည့် တာဝန်ခံ (ကျောင်းများ၊ ကုမ္ပဏီနှင့် အဖွဲအစည်းများ၊ ခရီးသွားကုမ္ပဏီများ) သည် ကျန်းမာရေး၊ အလုပ်သမားနှင့် လူမှုဖူလုံရေးဝန်ကြီးဌာန၏ နိုင်ငံတွင်းဝင်ရောက်မည့်သူ၏ ကျန်းမာရေးစစ်ဆေးမှုစနစ် (ERFS) အတွက် သတ်မှတ်ထားတဲ့ လျှောက်ထားမှုများကိုပြုလုပ်ပြီး ရရှိလာသောလျှောက်ထားမှု လက်ခံပြီးစီးကြောင်းထောက်ခံစာကို တင်ပြရန် လိုအပ်ပါတယ်။

 

သို့ရာတွင် မိသားစု၊ အသိမိတ်ဆွေထံ အလည်အပတ်ရည်ရွယ်ချက်ဖြင့် သွားရောက်သူများမှာမူ ကျန်းမာရေးစစ်ဆေးမှုစနစ်(ERFS)အတွက် သတ်မှတ်ထားတဲ့ လျှောက်ထားမှု လက်ခံပြီးစီးကြောင်းထောက်ခံစာ မလိုအပ်ဘူးလို့ ဆိုပါတယ်။

 

ymg-mnn
#Yangon_Media_Group