Published 7 June 2022

မြန်မာနိုင်ငံဆိုင်ရာ သီရိလင်္ကာသံအမတ်ကြီး အဖြစ် ခန့်အပ်ရန် သဘောတူပြီးဖြစ်တဲ့ သံအမတ်ကြီး မစ္စတာ ဂျေအမ် ဂျန်နကာ ပရီယန်သာ ဘန်ဒါရာဟာ ယနေ့ ဇွန်လ (၇)ရက်နေ့ မနက်ပိုင်းမှာ နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ ယင်းရဲ့ သံအမတ်ခန့်အပ်လွှာကို ပေးအပ်ခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

ထေရဝါဒဗုဒ္ဓဘာသာ နှစ်နိုင်ငံဖြစ်တဲ့ မြန်မာနှင့် သီရိလင်္ကာအကြား ကာလရှည်ချစ်ကြည်ရင်းနှီးတဲ့ ဆက်ဆံမှုကို တိုးမြှင့်ဆောင်ရွက်သွားမယ်လို့ သံအမတ်ကြီး ဂျေအမ်ဂျာနာကာပရီယန်သာ က ရန်ကုန်မှာရှိတဲ့ သူ့သံရုံးဝန်ထမ်းတွေကို ပြောကြာခဲ့ကြောင်း သီရိလင်္ကာအစိုးရသတင်းဌာန news.lk ကရေးသားခဲ့ပါတယ်။အဲဒီအပြင် နှစ်နိုင်ငံအကြား စီးပွားရေး၊နိုင်ငံရေးနှင့် ယဉ်ကျေးမှုချိတ်ဆက်မှုကို နှစ်ဘက်အကျိုးစီးပွားအတွက် မြှင့်တင်ဆောင်ရွက်သွားမယ်လို့လည်း သူကပြောပါတယ်။

မစ္စတာ ဂျေ၊ အမ်၊ ဂျန်နကာ ပရီယန်သာ ဘန်ဒါရာ ကို ၁၉၆၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်တွင် မွေးဖွားခဲ့ပြီး ကိုလံဘိုတက္ကသိုလ်မှ ဝိဇ္ဇာဘွဲ့ကို ၁၉၉၃ ခုနှစ်တွင်ရရှိခဲ့ပါတယ်။ သူဟာ ၁၉၉၅ ခုနှစ်မှ ၂၀၀၈ ခုနှစ်အထိ အလွတ်တန်းရှေ့နေအဖြစ်လည်းကောင်း၊ တွဲဖက် ခရိုင်တရားသူကြီးအဖြစ်လည်းကောင်း၊ ပိုင်ဆိုင်မှုနှင့် မြေယာ စီမံခန့်ခွဲရေးဆိုင်ရာ အစိုးရရှေ့နေအဖြစ်လည်းကောင်း ရာထူးအဆင့်ဆင့်တွင် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ၂၀၀၈ ခုနှစ်မှစ၍ သမ္မတဟောင်း မစ္စတာမဟင်ဒါရာဂျာပက်ဆာ၏သာသနာရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်အဖြစ် လည်းကောင်း၊ ၂၀၀၈ ခုနှစ်မှ ၂၀၀၉ခုနှစ်အထိ အာရပ်စော်ဘွားများ ပြည်ထောင်စုဆိုင်ရာ သီရိလင်္ကာသံအမတ်ကြီး အဖြစ်လည်းကောင်း၊ ၂၀၀၉ ခုနှစ်မှ ၂၀၁၀ ပြည့်နှစ်အထိ ဆာဘရာဂမူဝါ ပြည်နယ်အုပ်ချုပ်ရေးမှူးအဖြစ်လည်းကောင်း၊ ၂၀၁၀ ပြည့်နှစ်မှ ၂၀၁၅ ခုနှစ်အထိ လွှတ်တော်ကိုယ်စားလှယ် (အမျိုးသားစာရင်း)အဖြစ်နှင့် လွှတ်တော်ပြည်သူ့အသနားခံစာတင်သွင်းရေး ကော်မတီ ဥက္ကဋ္ဌအဖြစ် လည်းကောင်း၊ ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲအလွန်ကာလ တွင်သမ္မတဟောင်း မစ္စတာမဟင်ဒါရာဂျာပက်ဆာ၏ ညှိနှိုင်းရေးမှူး အဖြစ် လည်းကောင်း၊ ၂၀၁၆ ခုနှစ်မှစ၍ အလွတ်တန်းဥပဒေရေးရာ ဝါရင့်အကြံပေးအဖြစ် လည်းကောင်း၊ ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလမှ ဒီဇင်ဘာလအထိ သမ္မတဟောင်း မစ္စတာမဟင်ဒါရာဂျာပက်ဆာမှ ဘဏ္ဍာရေးဝန်ကြီးအဖြစ်ဆောင်ရွက်စဉ် ၎င်း၏ ကိုယ်ရေးအရာရှိအဖြစ် လည်းကောင်း၊ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလမှ ၂၀၂၁ ခုနှစ်၊ ဇူလိုင်လအထိ ဝန်ကြီးချုပ် မစ္စတာ မဟင်ဒါရာဂျာပက်ဆာ၏ လွှတ်တော်ကိစ္စရပ်များဆိုင်ရာ အတွင်းရေးမှူးအဖြစ်လည်းကောင်း အဆင့်ဆင့်တာဝန် ထမ်းဆောင်ခဲ့ပါတယ်။

မြန်မာနိုင်ငံသို့မရောက်ခင် နိုင်ဂျီးရီးယားနိုင်ငံဆိုင်ရာ သီရိလင်္ကာရဲ့ သံအမတ်ကြီး အဖြစ် တာဝန်  ထမ်းဆောင်ခဲ့ကြောင်းသိရပါတယ်။အသက် ၅၄နှစ်အရွယ်ရှိပြီဖြစ်တဲ့သူဟာ အိမ်ထောင်ရှင်တစ်ဦးလည်းဖြစ်ပါတယ်။