#Breaking_News
Published 6 June 2022

 

အခုနောက်ဆုံး စနေနေ့ညနဲ့ တနင်္ဂနွေနေ့နံနက်ပိုင်းမှာ အမေရိကန်ရှိမြို့ ၃ မြို့တွင် အစုလိုက်အပြုံလိုက် အကြမ်းဖက်သေနတ်ပစ်ခတ်မှု ၃ ကြိမ်ထပ်မံဖြစ်ပွားခဲ့ရာ လူ ၉ ဦးသေဆုံးပြီး နှစ်ဒါဇင်ကျော်ဒဏ်ရာရရှိခဲ့ပါတယ်။

ဖီလာဒယ်လ်ဖီယာမြို့မှာ လူနှစ်ဦးထိပ်တိုက်ရင်ဆိုင်ပြီး သေနတ်ပစ်ခတ်သည်အထိအခြေအနေပြင်းထန်ခဲ့ရာ လူစည်ကားရာဘားတစ်ခုနဲ့ စားသောက်ဆိုင်တန်းများရှိရာသို့ ကျည်ဆန်များလွင့်စင်ခဲ့ပြီး ၃ ဦးသေဆုံး၊ ၁၂ ဦးဒဏ်ရာရရှိခဲ့တဲ့အပြင် လူအများထိတ်လန့်ထွက်ပြေးခဲ့ကြရကြောင်း ရဲတပ်ဖွဲ့က ပြောကြားလိုက်ပါတယ်။

 

အလားတူ တန်နက်ဆီပြည်နယ် ချက်တာနူဂါမြို့မှာ စနေနေ့ညသန်းခေါင်ကျော်က ဘားတစ်ခုအနီးသေနတ်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ၃ ဦးသေဆုံးကာ ၁၄ ဦးဒဏ်ရာရရှိခဲ့ပါတယ်။

မီချီဂန်ပြည်နယ် ဆာဂီနောမြို့မှာလည်း တနင်္ဂနွေနေ့အစောပိုင်းက နောက်ထပ်သေနတ်ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ ၃ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့ရဲ့ထုတ်ပြန်ချက်ကို WEYI ရုပ်သံကဖော်ပြခဲ့ပါတယ်။

 

ရှေ့ကပစ်ခတ်မှု ၂ ခုမှာ အနီးနားက မသက်ဆိုင်တဲ့သူတွေ ထိခိုက်ခဲ့ကြတာဖြစ်ပေမယ့် မီချီဂန်ကပစ်ခတ်မှုမှာကတော့ သေနတ်ထိမှန်ခဲ့တဲ့ ၅ ဦးစလုံးက ပစ်ခတ်မှုမှာပါဝင်နေကြောင်း ရဲတပ်ဖွဲ့ကဆိုပါတယ်။

 

ပစ်ခတ်မှုမှာပါဝင်တဲ့တရားခံတွေကို တနင်္ဂနွေနေ့ညနေအထိ ဖမ်းဆီးရမိခြင်းမရှိသေးပါဘူး။

 

အစောပိုင်းရက်တွေတုန်းက နယူးယော့ခ်မြို့စတိုးဆိုင်တစ်ဆိုင်အတွင်း အကြမ်းဖက်မှုကြောင့် လူ ၁၀ ဦးသေဆုံးရတဲ့အဖြစ်အပျက်၊ တက္ကဆက်မူလတန်းကျောင်းအတွင်း အကြမ်းဖက်မှုကြောင့် ၂၁ ဦးသေဆုံးရတဲ့ဖြစ်ရပ်၊ အိုကလာဟိုမာရှိ ဆေးကုသမှုအဆောက်အအုံအတွင်း လူ ၄ ဦးသေဆုံးခဲ့တဲ့ အကြမ်းဖက်မှုဖြစ်ရပ် စတဲ့ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတွေကြောင့် ဝမ်းနည်းပူဆွေးနေကြရဆဲအချိန်မှာ အခုလိုနောက်ထပ်အကြမ်းဖက်မှုတွေ ထပ်မံဖြစ်ပွားလာတာဖြစ်ပါတယ်။

 

တက္ကဆက်ပြည်နယ် ယူဗယ်လ်ဒီမြို့မှာ အသက် ၁၀ နှစ်အရွယ် 'အယ်လီသီယာဟေဗင်ရာမီရက်ဇ်'ဆိုတဲ့ မိန်းကလေးကို မြေမြှုပ်အသုဘချခဲ့ကြပါတယ်။

 

အသက် ၁၈ နှစ်အရွယ်လူတစ်ယောက်က AR-15 ရိုင်ဖယ်ကိုင်ဆောင်ကာ ပစ်ခတ်သောင်းကျန်းခဲ့တာကြောင့် သေဆုံးခဲ့ရတဲ့ကျောင်းသူကျောင်းသား ၁၉ ဦးထဲမှာ 'အယ်လီသီယာ'လည်းအပါအဝင်ဖြစ်ခဲ့ပါတယ်။

'အယ်လီသီယာ'က ဘောလုံးကစားခြင်းနှစ်သက်သူဖြစ်ပြီး ပဲရစ်မှာ အနုပညာကျောင်းတက်ရောက်ဖို့ ရည်မှန်းနေတာဖြစ်ကြောင်း နာရေးကြော်ငြာထဲမှာ ဖော်ပြထားပါတယ်။

 

သေနတ်အန္တရာယ်ကင်းဝေးရေးအတွက် ထောက်ခံသူများက လက်နက်ကိုင်အကြမ်းဖက်မှုများကိုတားဆီးပေးရန် ပိုမိုတင်းကြပ်တဲ့အတိုင်းအတာများ လုပ်ဆောင်ပေးဖို့ အမေရိကန်အစိုးရကို တိုက်တွန်းနေကြပါတယ်။

 

အမေရိကန်မှာ ယခုနှစ်အတွင်း လူအစုလိုက်အကြမ်းဖက် သေနတ်ပစ်ခတ်မှုပေါင်း အနည်းဆုံး ၂၄၀ ဖြစ်ပွားခဲ့ကြောင်း သေနတ်အကြမ်းဖက်မှု မှတ်တမ်းများအရသိရပါတယ်။
သေနတ်သမားကိုထည့်မတွက်ဘဲနဲ့ အနည်းဆုံးလူ ၄ ဦးသေဆုံးတယ်ဆိုရင် လူအစုလိုက်ကို သေနတ်နဲ့ပစ်သတ်မှုလို့ သတ်မှတ်ထားပါတယ်။

 

အမေရိကန်သမ္မတ'ဂျိုးဘိုင်ဒန်'က တိုက်ခိုက်ရေးလက်နက်များကို တားဆီးဖို့၊ နောက်ခံအကြောင်းစစ်ဆေးမှုများ တိုးချဲ့ဖို့၊ လူအစုလိုက်အပြုံလိုက်ပစ်သတ်မှုများကို ဖော်ထုတ်နိုင်ရန်အတွက် သေနတ်ထိန်းချုပ်ရေးအခြားအတိုင်းအတာများလည်း အကောင်အထည်ဖော်ဖို့ ကြာသပတေးနေ့က လွှတ်တော်ကိုတောင်းဆိုလိုက်ပါတယ်။

 

ဖီလာဒယ်လ်ဖီယာ ပစ်ခတ်မှုဖြစ်စဉ်မှာ လူ ၂ ယောက်ကခိုက်ရန်ဖြစ်ပွားပြီး သေနတ်နဲ့စတင်ပစ်ခတ်ကြရာ တစ်ဦးကကျည်ဆန်ထိမှန်သေဆုံးခဲ့ပြီး နောက်တစ်ယောက်က ရဲအရာရှိတစ်ဦးနဲ့ လူအုပ်ထဲကို ပစ်ခတ်ခဲ့ကြောင်း ရဲတွေကယူဆထားပါတယ်။

 

ရဲအရာရှိပစ်ခတ်ခဲ့ရာ သေနတ်သမားကိုထိမှန်ခဲ့ပြီး သေနတ်ပစ်ချခဲ့ကာ လူအုပ်ထဲထွက်ပြေးသွားခဲ့ပါတယ်။

 

Source: Reuters
#Yangon_Media_Group