#LocalNews
Published _3 June 2022

 

နိုင်ငံသားကဒ် e-ID စနစ်တစ်ခုလုံးအတွက် ဒီဇိုင်းပုံစံ Master Plan အား ပြည်တွင်းနည်းပညာအကြံပေး အဖွဲ့များနှင့် ညှိနှိုင်းဆွေးနွေးတိုင်ပင်ကာ ရေးဆွဲထားရှိပြီး နိုင်ငံတကာအဆင့်မီဖြစ်စေရန် ပြည်ပက နည်းပညာအကြံပေးများနှင့် ငှားရမ်းဆောင်ရွက်ရမည်ဟု လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးခင်ရီက ပြောကြားခဲ့သည်။

 

e-ID စနစ်လုပ်ငန်းကော်မတီ၏ တတိယအကြိမ်ညှိနှိုင်းအစည်းအဝေး၌ ပြည်ထောင်စုဝန်ကြီး ဦးခင်ရီမှ ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

 

e-ID စနစ်အကောင်အထည်ဖော်ရာတွင် Unique ID ကောက်ယူခြင်းနှင့် National ID ဆောင်ရွက်ခြင်းကို အပိုင်း(၂)ပိုင်းဖြင့် ဆောင်ရွက်သွားမည်ဟုလည်း ယင်းအစည်းအဝေးမှ သိရသည်။

 

"ဒါမှသာ မိမိတို့အသုံးပြုမယ့် Enrollment Kit နဲ့ပတ်သက်တဲ့ အချက်အလက်တွေ ရေးဆွဲထားတဲ့ Master Plan တွေအပေါ် လိုအပ်တဲ့အကြံပြုချက်တွေ လုပ်ငန်းစဉ်အတွက်လိုအပ်တဲ့ သင်တန်းပေးနိုင်ရေးအခြေအနေတွေကို ပြည်ပနည်းပညာ အကြံပေးက သုံးသပ်ဆွေးနွေးအကြံပြုပေးနိုင်မှာဖြစ်ပါတယ်"ဟု ပြည်ထောင်စုဝန်ကြီးကဆိုသည်။

 

ထို့ပြင် e-lD စနစ်အား နိုင်ငံတော်၏ ဘတ်ဂျက်ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပြီး e-ID စနစ်လုပ်ငန်းအတွက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနတွင် အီလက်ထရောနစ်မှတ်ပုံတင်စနစ် ဦးစီးဌာနကို ဖွဲ့စည်းဆောင်ရွက်လျက်ရှိသည်ဟု ၎င်းကဆက်ပြောသည်။

 

" e-ID စနစ်လုပ်ငန်းနဲ့ပတ်သက်ပြီး လုပ်ငန်းကော်မတီဖွဲ့စည်းပြီးဖြစ်သလို ဆပ်ကော်မတီတွေကိုလည်း ဖွဲ့စည်းထားပြီးဖြစ်ပါတယ် လုပ်ငန်းနဲ့ပတ်သက်တဲ့ ဥပဒေဆိုင်ရာတွေနဲ့ ပတ်သက်ပြီးတော့လဲ ညှိနှိုင်းဆွေးနွေးဆောင်ရွက်နေပြီဖြစ်ပါတယ်"ဟု ပြည်ထောင်စုဝန်ကြီးက ဆိုသည်။

 

"e-ID စနစ်လုပ်ငန်းဟာ e-Government စနစ်အတွက် အခြေခံကျတဲ့ လုပ်ငန်းတစ်ခုဖြစ်တာကြောင့် နိုင်ငံအတွက်မဖြစ်မနေ ဆောင်ရွက်ရမှာဖြစ်သလို လက်ရှိ နိုင်ငံတော်အစိုးရတာဝန်ယူချိန်မှာ အကောင်အထည်ဖော်ဆောင်ရွက်ဖို့ ဆုံးဖြတ်ဆောင်ရွက်နေပါတယ်"ဟု ပြည်ထောင်စုဝန်ကြီးဦးခင်ရီကပြောသည်။

 

e-ID စနစ်လုပ်ငန်းသည် နိုင်ငံအတွက် မဖြစ်မနေဆောင်ရွက်ရမည့်လုပ်ငန်းဖြစ်ပြီး အချိန်ကာလ၊ နိုင်ငံတကာအဟန့်အတား၊ နည်းပညာကျွမ်းကျင်မှုစသည့် ကန့်သတ်ချက်များအပေါ် ခြုံငုံသုံးသတ်၍ ဆွေးနွေးခဲ့ကြောင်းသိရသည်။

 

ymg/NN
#Yangon_Media_Group