#LocalNews
Published - 3 June 2022

 

မြန်မာနိုင်ငံတွင် အသုံးများသော မိုဘိုင်းဖုန်း App တခုဖြစ်သည့် JOOX Music Myanmar သည် ၎င်း၏ လည်ပတ်နေသော လုပ်ငန်းများကို ၂၀၂၂ ခုနှစ် ဇူလိုင် ၆ ရက်မှစတင်၍ ရပ်ဆိုင်းတော့မည် ဖြစ်ကြောင်း အသိပေး ထုတ်ပြန်ထားသည်။

 

"မေလ ၂၃ ရက်နေ့မှာ ညီမတို့သုံးစွဲသူတွေကို Joox ကအသိပေးချက် ပေးပို့ထားပါတယ်၊ ပေးပို့ချက်မှာ ဇူလိုင်လ ၆ ရက်စပြီး ရပ်ဆိုင်းတော့မယ်လို့ ပါဝင်ပါတယ်"လို့ Joox သုံးစွဲသူတစ်ဦးက YMG ကိုပြောသည်။

 

အဆိုပါ အသိပေးထုတ် ပြန်စာတွင် ပြောင်းလဲနေသော ဈေးကွက်အခြေအနေများကြောင့် မြန်မာ့ဈေးကွက်အတွင်းမှ ထွက်ခွာတော့မည် ဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံအတွက် လည်ပတ်နေသော JOOX Music App နှင့် ဝဘ်ဆိုက်ဝန်ဆောင်မှု လုပ်ငန်းလည်ပတ်မှုများကို ရပ်ဆိုင်းသွားမည် ဖြစ်ကြောင်း သိရသည်။

 

“မြန်မာနိုင်ငံတွင် အသုံးပြုနေသော JOOX Music ဝန်ဆောင်မှုသည် ၂၀၂၂ ဇူလိုင် ၆ ရက်တွင် ကုန်ဆုံးမည်ဖြစ်ကြောင်း အသိပေး အကြောင်းကြားအပ်ပါသည်။ သို့ဖြစ်ပါသောကြောင့် JOOX Music App သို့ ဝင်ရောက် အသုံးပြုနိုင်တော့မည် မဟုတ်ကြောင်း” ဟူ၍ ဆိုထားသည်။

 

မြန်မာနိုင်ငံရှိ JOOX VIP စာရင်းသွင်း ဝန်ဆောင်မှုများကိုလည်း မေလ ၂၃ ရက်မှ စတင်၍ ရပ်နားထားခဲ့ပြီး မေ ၂၃ ရက်ထိ ဝယ်ယူထားသော VIP များ၊ ကျန်ရှိနေသော Coins နှင့် Daimonds များအား JOOX App တွင် ဇူလိုင် ၆ ရက်နေ့ထိ ဆက်လက် အသုံးပြုနိုင်မည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

Joox Music App တွင် ပြည်တွင်း၊ ပြည်ပ တေးသီချင်းပေါင်း ၄၅ သန်းကျော်ထိ ပါရှိကြောင်းသိရသည်။

 

JOOX ကို တရုတ်နည်းပညာကုမ္ပဏီ Tencent က ပိုင်ဆိုင်ပြီး ၂၀၁၅ တွင် မြန်မာနိုင်ငံသို့ ဝင်ရောက်ခဲ့ပြီးနောက် လူကြိုက်အများဆုံး အသုံးပြုလာကြသည့် App တခု ဖြစ်ပြီး အဆိုပါဝန်ဆောင်မှုသည် အာရှနိုင်ငံများ၌ပါ အသုံးများသော Music Streaming Application တခုဖြစ်ကာ ဟောင်ကောင်၊ အင်ဒိုနီးရှား၊ မကာအို၊ မလေးရှား၊ ထိုင်းနိုင်ငံတို့တွင် ဆက်လက်လည်ပတ်သွားမည်ဖြစ်ကြောင်း ယင်းကုမ္ပဏီက ထုတ်ပြန်ထားသည်။

ymg/sth
#Yangon_Media_Group