#LocalNews
Published_2 June 2022

 

မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံအနေဖြင့် တရားမဝင် နယ်စပ်ဖြတ်ကျော်မှုနှင့် မူးယစ်ဆေးဝါးတားဆီးရေးကိစ္စများကို ဇွန်လ ၁ ရက်က ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

 

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်နိမိတ်များအတွင်းနှင့် နယ်စပ်တစ်လျှောက် နတ်မြစ်ဖြတ်ကျော် သွားလာလှုပ်ရှား၍ နယ်စပ်ဖြတ်ကျော်မှုခင်းများ ကျူးလွန်မှုများနှင့်ပတ်သက်၍ မြေပြင်သတင်း စုံစမ်းဖော်ထုတ်ရေးနှင့် တားဆီးနှိမ်နင်းရေး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ မြန်မာနိုင်ငံအတွင်း နယ်စပ်ခြံစည်းရိုးကို တရားမဝင်ဖြတ်ကျော်ဝင်ရောက်မှုများ ထိရောက်စွာတားဆီးပေးနိုင်ရေး၊ နှစ်နိုင်ငံနယ်ခြားစောင့် တပ်ဖွဲများအကြား ပူးတွဲကင်းလှည့်ရေး၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးနှင့်ပတ်သက်၍ သတင်းအချက်အလက် ဖလှယ်ရေးတို့ကို ပိုမိုတိုးမြှင့် ဆောင်ရွက်သွားရန်အပါအဝင် အချက် ၁၁ ချက်ကို ဆွေးနွေးခဲ့ကြခြင်း ဖြစ်ကြောင်းသိရသည်။

 

ရခိုင်ပြည်နယ် မောင်တောမြို့၊ ခရိုင်အထွေထွေ အုပ်ချုပ်ရေးမှူးရုံးအစည်းအဝေးခန်းမ၌ အဆိုပါ ဆွေးနွေးပွဲကို ကျင်းပခြင်းဖြစ်ပြီး မြန်မာနိုင်ငံဖက်မှ အမှတ်(၁)နယ်ခြားစောင့်ရဲကွပ်ကဲမှုအဖွဲ့မှူး ရဲမှူးချုပ် ထက်လွင်ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်၊ ဒေသကွပ်ကဲမှု ဌာနချုပ် (ကော့စ်ဘဇ္ဇား)မှ ဒေသကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ် Najm-Us-Sakib ဦးဆောင်သော ကိုယ်စားလှယ်အဖွဲတိုတက်ရောက်ကြကြောင်း သိရသည်။

 

အဆိုပါ ဆွေးနွေးမှုများထဲတွင် အစည်းအဝေးတွင် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်နိမိတ်မှတ်တိုင်များအနီး အဆောက်အဦ ဆောက်လုပ်မှုများဖျက်သိမ်းရေး၊ နယ်စပ်ဒေသအတွင်း အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များ လှုပ်ရှားနေမှု၊ ပစ်ခတ်မှုဖြစ်စဉ်များစသည့် သတင်းများနှင့်စပ်လျဉ်း၍ အပြန်အလှန် သတင်းဖလှယ်ပေးရန်၊ မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်စပ်ဆက်ဆံရေးရုံး (မောင်တော-တက္ကနာ့ဖ်) လုပ်ငန်းစဉ်များ အကောင်အထည်ဖော်နိုင်ရေး၊ နှစ်နိုင်ငံ နယ်ခြားစောင့်တပ်ဖွဲ့များအကြား ချစ်ကြည်ရင်းနှီးမှု၊ အပြန်အလှန်ယုံကြည်လေးစားမှုတို့ ပိုမိုဖြစ်ထွန်းနိုင်ရေးအတွက် ချစ်ကြည်ရေး အားကစားပြိုင်ပွဲများ၊ ယဉ်ကျေးမှုဖလှယ်မည့် ကိစ္စရပ်များ၊ ချစ်ကြည်ရေးခရီးစဉ်များ ပြုလုပ်နိုင်ရေး နှစ်ဖက်ညှိနှိုင်းဆောင်ရွက်သွားရန်စသည့်အချက်များကိုလည်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

 

ymg/mt
#Yangon_Media_Group