#LocalNews
Published_2 June 2022

နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီရဲ့ ပန်းခင်းစီမံချက်အရ စတင်ခဲ့သည့် ၂၀၂၁ ခုနှစ် မေလ ၃ ရက်နေ့မှ ယခု ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၃ရက်နေ့အထိ ၁၈ လတာ ကာလအတွင်း မြန်မာနိုင်ငံတွင် ၆/၆၆ ပုံစံ အိမ်ထောင်စုစာရင်းမရှိသူများနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိသူများ ၃ ဒသမ ၄ သန်းအနက် ၃ သန်းကျော် ရရှိအောင် ဆောင်ရွက်ပေးပြီးပြီဖြစ်ကြောင်း နစကမှ သိရသည်။

 

ပဲခူးတိုင်းဒေသကြီးရှိ မြို့နယ်အချို့ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်အတွင်း ၆/၆၆ ပုံစံ အိမ်ထောင်စုစာရင်းမရှိသူများနှင့် သဘာဝဘေးအန္တရာယ်များကြောင့် မိသားစုလိုက်နေထိုင်ကြောင်း ထောက်ခံချက်မရှိသူ အများစုရှိနေကြောင်း သိရသည်။

 

"ပဲခူးတိုင်းဒေသကြီးရှိ မြို့နယ်အချို့နဲ့ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်က နေရာအများစုမှာ ၆/၆၆ ပုံစံ အိမ်ထောင်စုစာရင်းမရှိသူတွေရယ်၊ ပြီးတော့ သဘာဝဘေးအန္တရာယ်တွေကြောင့် မိသားစုလိုက်နေထိုင်ကြောင်း ထောက်ခံချက်မရှိသူတွေရယ် များပါတယ်။ ပြီးတော့ နေထိုင်မှုပုံစံ ၄ မျိုးကိုလည်းတွေ့ရှိထားပါတယ်။ မှတ်ပုံတင်ရှိပြီး ၆/၆၆ အိမ်ထောင်စုစာရင်းမရှိတဲ့သူတွေ၊ အိမ်ထောင်စုစာရင်းရှိပြီး မှတ်ပုံတင်မရှိတဲ့သူတွေ ပြီးတော့ ၂ ခုလုံးမရှိတဲ့သူတွေရယ်ဆိုပြီး တွေ့ရှိထားပါတယ်။ အဲတာကြောင့် နစကအနေနဲ့ ပြီးခဲ့တဲ့ ကာလတွေကလည်း ပြည်ထောင်စုဝန်ကြီးကိုယ်တိုင် ကွင်းဆင်းကြည့်ရှုစစ်ဆေးတာတွေ ပြုလုပ်နေပါတယ်။ နောက်ပြီး လှိုင်သာယာမြို့နယ်ကို အကြိမ် ၅၀၀ ထက်မနည်း ကွင်းဆင်းပြီး ပြုလုပ်ပေးနေပါတယ်" ဟု နစကမှ တာဝန်ရှိသူက ပြောသည်။

 

ရန်ကုန်တိုင်းဒေသကြီးနှင့် အခြားတိုင်းဒေသကြီးအချို့တွင် စံမံချက်များအပြီး မသတ်သေးဘဲ လုပ်ဆောင်လျက်ရှိကြောင်း၊ လက်ရှိ မြန်မာနိုင်ငံတွင် လူဦးရေ ၅၅ ဒသမ ၆သန်းရှိသည့်အနက် တစ်နှစ်အတွင်း အသက် ၁၀ နှစ်ပြည့်သည့် လူဦးရေ ၄သိန်း၊ အသက် ၁၈နှစ်ပြည့်သည့် လူဦးရေမှာ ၅ သိန်းဝန်းကျင်ခန့် ရှိကြောင်း သိရသည်။

 

နစက သတ်မှတ်ထားသည့် စီမံချက် ကာလ ၁၈ လ ကျော်လွန်သွားပြီး မှတ်ပုံတင်မရရှိသူများကျန်နေသေးပါက ဆက်လက်လုပ်ဆောင်ပေးမည်ဖြစ်ကြောင်းနှင့် ပြည်သူများအနေဖြင့် နီးစပ်ရာဒေသများ၊ မြို့နယ်များ၊ ရပ်ကွက်များတွင် နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိသူများ တွေ့ရှိပါက အကြောင်းကြားပေးကြရန်လည်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနက တိုက်တွန်းထားသည်။

 

ygm/NN
#Yangon_Media_Group