#Local_News
Published_ 1 June 2022

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းပျဉ်းမြို့တွင် ငွေကျပ် ၁ ဒသမ ၂၇၅ ဘီလီယံတန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးကက်တမင်း (Ketamine) ၁၅၀ ကီလို ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

 

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မေ ၂၉ ရက် ည ၉ နာရီအချိန် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းပျဉ်းမြို့၊ အလယ်ပိုင်းရပ်ကွက်၊ နမ့်ပိန်းချောင်းအနီးတွင် လှိုင်မင်းထွန်း မောင်းနှင်ပြီး စိုင်းဆမ်လိုက်ပါလာသည့် PAJERO မော်တော်ယာဉ်အား သတင်းအရရှာဖွေခဲ့ပါတယ်။

 

ထိုသို့ရှာဖွေခဲ့ရာ ယာဉ်ပေါ်မှ ဒေသကာလတန်ဖိုးငွေကျပ် ၁ ဒသမ ၂၇၅ ဘီလီယံ တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါး ကက်တမင်း ၁၅၀ ကီလို သိမ်းဆည်းရမိခဲ့တာ ဖြစ်ပါတယ်။

 

စစ်ဆေးချက်အရ ည ၁၀ နာရီအချိန် မိုင်းပျဉ်းမြို့တွင် စိတ်ပြောင်းဆေးဝါး ကက်တမင်းများသယ် ဆောင်ရာ၌ ပူးပေါင်းပါဝင်သူများဖြစ်သည့် စိုင်းယီ၊ နန်းဟုန်၊ စိုင်းငိုနှင့် စိုင်းလင်းတို့ ၄ ဦးအား မော်တော်ဆိုင်ကယ် ၄ စီးနှင့်အတူ ဆက်လက်ဖမ်းဆီးရမိ ခဲ့တာဖြစ်ပါတယ်။

 

စစ်ဆေးဖော်ထုတ်ချက်အရ ကျိုင်းတုံမြို့၊ (၄) ရပ်ကွက်နေ စိုင်းလုံကျောက်က သိမ်းဆည်းရမိ စိတ်ပြောင်းဆေးဝါးများအား မိုင်းပျဉ်းမှကျိုင်းတုံသို့ သယ်ဆောင်ခိုင်းခြင်းဖြစ်ပြီး ၎င်းမှာထွက်ပြေးတိမ်းရှောင်လျက်ရှိသဖြင့် ဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

 

ymg-mnn
#Yangon_Media_Group