#LocalNews
Published -1 June 2022

 

တာဝန်မှကင်းကွာနေသည့် ဆရာ၊ ဆရာမများ တာဝန်ပြန်လည်ထမ်းဆောင်ရန် သတင်းပေးပို့သည့် ဆရာ၊ ဆရာမဦးရေ ၂၄၈၂ ဦးအထိရှိပြီဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့မှ သိရသည်။

 

ခြိမ်းခြောက်ခံရမှုကြောင့်လည်းကောင်း၊ ငြိမ်းချမ်းစွာဆန္ဒပြမှုများတွင် ပါဝင်ခဲ့မိသောကြောင့်လည်းကောင်း၊ သွားလာမှုခက်ခဲခြင်းကြောင့်လည်းကောင်း စိုးရိမ်ကြောင့်ကြမှုများကြောင့် တာဝန်မှ ကင်းကွာခဲ့သော ပညာရေးဝန်ထမ်းဆရာ ဆရာမများ၊ ဝန်ထမ်းစည်းကမ်းဖြင့် အရေးယူခံထားရသည့် ဆရာ ဆရာမများအနေဖြင့် နိုင်ငံသားမျိုးဆက်သစ်လူငယ်များအတွက် စေတနာ၊ ဝါသနာ၊ အနစ်နာဟူသော နာသုံးနာကိုရှေးရှူ၍ သင်ကြားရေးတာဝန်ကို ပြန်လည်ထမ်းဆောင်နိုင်ရန်အတွက် မိမိတို့၏သဘောဆန္ဒအလျောက် မိမိတို့နောက်ဆုံး တာဝန်ထမ်းဆောင်ခဲ့ရာ ကျောင်းတည်ရှိသည့် မြို့နယ်ပညာရေးမှူးရုံးသို့ဖြစ်စေ၊ မိမိတို့လက်ရှိနေထိုင်ရာ ပညာရေးမှူးရုံးသို့ဖြစ်စေ၊ မိမိတို့လက်ရှိနေထိုင်ရာဒေသရှိ နီးစပ်ရာမြို့နယ်ပညာရေးမှူးရုံးသို့ဖြစ်စေ၊ မေလ ၃၁ ရက်နောက်ဆုံးထား သတင်းပေးပို့ရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့မှ သတင်းထုတ်ပြန်ဖိတ်ခေါ်ခဲ့ပြီး လက်ရှိအချိန်ထိ ဆရာ ဆရာမဦးရေ ၂၄၈၂ ဦး ဆက်သွယ်သတင်းပေးပို့ခဲ့ကြောင်း သိရသည်။

 

ယင်းအပြင် ဆက်သွယ်ပေးပို့ရန် ဆန္ဒရှိသော်လည်း လမ်းပန်းဆက်သွယ်ရေးနှင့်အခြားသောအခက်အခဲများကြောင့် သတ်မှတ်ရက်အတွင်း သတင်းပို့နိုင်ခြင်းမရှိသော ဆရာ ဆရာမများအတွက် သတင်းပေးပို့ရန် ဆက်သွယ်ရမည့်ရက်ကို ဇွန်လ ၇ ရက်အထိ တိုးမြှင့်သတ်မှတ်ပေးထားကြောင်း သိရသည်။

 

ymg/sth
#Yangon_Media_Group